နေပြည်တော်၊ ဇွန် ၂၆
နေပြည်တော်ကောင်စီနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးနှင့် ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ CPU အဖွဲ့ဝင်များ တက်ရောက်သည်။
ဦးစွာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌဦးစိုးသိန်းက နိုင်ငံ့ဝန်ထမ်းတိုင်း အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ ဘေးအန္တရာယ်များကို သိရှိကာ ရှောင်ကြဉ်နိုင်စေရန်နှင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာ၌ တစ်ဦးချင်းပါဝင်ကာ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူ့အသိုင်းအဝိုင်းကို ဖော်ဆောင်ရန် ဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှုဆိုသည်မှာ လုပ်ပိုင်ခွင့် အာဏာကို မိမိကိုယ်ကျိုးအတွက် အသုံးပြုခြင်း ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာများ သိရှိရန်လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံကောင်းများ တည်ဆောက်ရန်၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှု မြင့်မားလာစေရေး ပူးပေါင်း ဆောင်ရွက်ရန်နှင့် နိုင်ငံတစ်ဝန်းလုံးတွင် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်း သွားစေရန်အတွက် အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိ လိုက်စားမှုကို တိုက်ဖျက်ရာ၌ အသိပညာပေးခြင်း နည်းလမ်းသည် အခြေခံအကျဆုံး ဖြစ်သည့် အတွက် အဂတိလိုက်စားမှုဆိုင်ရာ အသိပညာများကို ဝန်ထမ်းတိုင်း သိရှိထားရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရခြင်း မရှိစေရန် လုပ်ထုံးလုပ်နည်းများနှင့် အညီ ကျင့်ဝတ်လိုက်နာပြီး ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်း ပြောကြား သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး က နေပြည်တော်ကောင်စီအနေဖြင့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU)များ ဖွဲ့စည်း ထားရှိပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေး အတွက် စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းသို့
တက်ရောက်လာသည့် အရာထမ်း/အမှုထမ်းများ အနေဖြင့် ယခု ဆွေးနွေးပွဲရရှိမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းတဲ့ အသိအမြင်ဗဟုသုတများကိုလည်း မိမိမှတဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာပါဝင်ကြဖို့ မိမိက စပြီး အဂတိလိုက်စားမှုကို ငြင်းဆိုဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့သည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး ခေါင်းဆောင်၍ နေပြည်တော်ကောင်စီ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit -CPU) များနှင့် တွေ့ဆုံပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#MNP #News



No comments:
Post a Comment