ဒီအာကွန်န်ဂို က ကြက်ခြေနီအဖွဲ့ဝင် ၂ ဦး အသတ်ခံလိုက်ရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒီအာကွန်န်ဂို က ကြက်ခြေနီအဖွဲ့ဝင် ၂ ဦး အသတ်ခံလိုက်ရ



ဇွန် - ၂၉ ( တနင်္လာနေ့ ) 

ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ ကြက်ခြေနီအဖွဲ့က စေတနာ့ဝန်ထမ်း နှစ်ယောက်ဟာ ဆောက်သ်ကီဗူး ပြည်နယ်ထဲမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်တစ်ခု ဆောင်ရွက်နေတုန်း ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်လို့ ကြက်ခြေနီအဖွဲ့က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

သေဆုံးသွားခဲ့ရတဲ့ စေတနာ့ဝန်ထမ်း နှစ်ယောက်ဖြစ်တဲ့ ဘိုင်ယာမွန်ဂူ မူဂီရှို ကာဘူဟာ နဲ့ မူဂီရှို အမ်ပါရန်ညာ ရိုမိန်း တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က ကာကွန်ဘာရွာက လူထုအသိုက်အဝန်းတွေ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိစေဖို့အတွက် စီမံကိန်းတစ်ခု လုပ်ဆောင်ပေးနေတုန်း အခုလို တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ ဂရီဂွာရီ မာတေဆို အမ်ဘူတာ ဝေး က "သူတို့ဟာ ကြားနေမှု၊ ဘက်မလိုက်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ အထိမ်းအမှတ်သင်္ကေတဖြစ်တဲ့ ကြက်ခြေနီတံဆိပ်ကို ဝတ်ဆင်ထားခဲ့ကြတာပါ" လို့ ရှင်းပြပါတယ်။

ကွန်ဂိုကြက်ခြေနီအဖွဲ့ကတော့ အခုလို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေသူတွေကို တိုက်ခိုက်တာဟာ အရပ်သား ပြည်သူတွေအတွက် အသက်ကယ်ဆယ်ရေး အကူအညီတွေကိုပါ ခြိမ်းခြောက်ရာရောက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုလို နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေကြားမှာ လူသားချင်းစာနာမှု ဝန်ထမ်းတွေဟာ ဒေသခံလူထုအတွက် တကယ့်ကို အဓိက အသက်သွေးကြောတစ်ခု ဖြစ်တာကြောင့် ဝန်ထမ်းတွေကို လေးစားကြဖို့နဲ့ ကာကွယ်ပေးကြဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို အလေးအနက် တိုက်တွန်း တောင်းဆိုထားပါတယ်။

ကွန်ဂိုနိုင်ငံမှာတော့ M23 သူပုန်အဖွဲ့ဟာ နိုင်ငံရဲ့ နယ်မြေဒေသတချို့ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး၊ ဒါတွေကြောင့်ပဲ တိုက်ပွဲတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေတွေ ဆက်တိုက်ဖြစ်ပွားနေတာမို့ နိုင်ငံအတွင်း မတည်ငြိမ်မှုဒဏ်ကို ဆက်ပြီးတော့ အလူးအလဲ ခံစားနေရဆဲ ဖြစ်ပါတယ်။

အခုလို အသက်ဆုံးရှုံးခဲ့ရတဲ့ တိုက်ခိုက်မှုဟာ ကံဆိုးမိုးမှောင်ကျပြီး တစ်ကြိမ်တစ်ခါတည်း ဖြစ်သွားခဲ့တာမျိုး မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့တုန်းကလည်း ဘူနီယာမြို့မှာ အီဗိုလာ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် သေဆုံးသူတွေကို မြေမြှုပ်သင်္ဂြိုဟ်ပေးနေတဲ့ ကြက်ခြေနီစေတနာ့ဝန်ထမ်း တချို့ဟာ တိုက်ခိုက်ခံရလို့ ဒဏ်ရာတွေ ရခဲ့ကြပါသေးတယ်။

ဒီလို ရိုင်းစိုင်းတဲ့ တိုက်ခိုက်မှုအပေါ် ကွန်ဂိုကြက်ခြေနီအဖွဲ့၊ နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) နဲ့ နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကြပြီး အခုလိုလုပ်ရပ်တွေဟာ လူသားချင်းစာနာမှု ဝန်ထမ်းတွေ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေနဲ့ အခြေအနေမလှတဲ့ အရပ်သားလူထုတွေကို ပိုပြီးတော့ အန္တရာယ်ကြီးမားအောင် တွန်းပို့နေတာဖြစ်တယ်လို့ သတိပေးပြောကြားခဲ့ကြပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)