မြန်မာ့ပညာရေးအတွက် ပိတိဖြစ်စရာ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့ပညာရေးအတွက် ပိတိဖြစ်စရာ


ကျွန်တော်တို့ မြန်မာပြည်မှာ လူတန်းစား ကွာဟမှုက ကြီးမားလွန်းပါတယ်။ တချို့ ထားစရာမရှိအောင် ချမ်းသာနေကြပေမယ့် တချို့က စားစရာမရှိအောင် ဆင်းရဲကြပါတယ်။ ထားစရာမရှိအောင် ချမ်းသာတဲ့လူတွေက သူတို့ရဲ့ သားသမီးတွေကို နိုင်ငံတကာအဆင့်မီ ကျောင်းကြီးတွေမှာ လစဉ် သိန်းဆယ်ချီ၊ ရာချီပေးပြီး ထားနိုင်ကြပါတယ်။ စားစရာမရှိအောင် ဆင်းရဲတဲ့ မိသားစုတွေမှာတော့ မိမိတို့ရဲ့ ရင်သွေးရတနာတွေကို သေစာရှင်စာတတ်ရင် တော်ပြီဆိုတဲ့ အတွေးနဲ့ သုံးတန်းအောင်၊ လေးတန်းလောက်နဲ့ ကျောင်းထုတ်ပြီး အလုပ်ခိုင်းကြတာတွေ အထိ ရှိပါတယ်။

စာရေးသူ ငယ်စဉ်ဘဝ ပညာသင်ယူဖို့ အခက်အခဲ ဖြစ်ခဲ့ရပုံနဲ့ ပတ်သက်လို့လည်း အလျဉ်းသင့်သလို ရေးသားဖော်ပြခဲ့ဖူးပါတယ်။ ရွာမှာက မူလတန်းပဲ ရှိရင် မူလတန်းနဲ့ ကျောင်းပြီးကြရတာ များတယ်။ အလယ်တန်း တက်နိုင်လို့ အနီးပတ်ဝန်းကျင်ရွာ သွားတက်တယ်ဆိုရင်လည်း အလယ်တန်းလောက်နဲ့ ပြီးကြတာပဲ များနေပြန်တယ်။ အဲဒီအထဲက အထက်တန်းကို ရောက်သူဆိုတာ (၁၀)ရာခိုင်နှုန်း မပြည့်ပါဘူး။ကျွန်တော်တို့ နယ်ဘက်တွေမှာက ယခုအချိန်အထိလည်း မျိုးဆက်သစ် ရင်သွေးရတနာ ကလေးငယ်တွေမှာ ပညာရေးဆုံးခန်းတိုင်အောင် ခရီးဆက်နိုင်ဖို့က အခက်အခဲ ရှိနေဆဲပဲ ဖြစ်ပါတယ်။

နစကအစိုးရလက်ထက်ကစလို့ ပညာရေးနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ယူမှုတွေ လုပ်ရာမှာ ပညာတတ်ရာခိုင်နှုန်း သိသိသာသာနည်းပါးလွန်းနေတာကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က အခမ်းအနားတွေမှာ မကြာခဏ ပြောဆိုပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွေမှာလည်း ပညာရေးကို အလေးပေးပြီး ပြောဆိုတာကို တွေ့ရသလို ပညာရေးဘက်ဂျက်ကို မြှင့်တင်အသုံးပြုလာခဲ့ပါတယ်။ တဖက်မှာလည်း တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်လိုတဲ့ ပြည်ဖျက်မိစ္ဆာတွေက မျိုးဆက်သစ် ရင်သွေးရတနာတွေရဲ့ ပညာသင်ကြားမှုကို အကြမ်းဖက်နည်းလမ်းနဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။ အကြမ်းဖက်ဘေးအန္တရာယ် ရှိနေတဲ့ကြားကပဲ ပညာရေးအတွက် အလေးထားဆောင်ရွက်ပေးနေတာကတော့ ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။

ယခုပညာသင်နှစ် (၂၀၂၆-၂၀၂၇) မှာ စပြီး တပ်မတော်ဘက်ကလည်း တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများ ဖွင့်လှစ်ပြီး နိုင်ငံတော်ရဲ့ လိုအပ်ချက်ကို ဝိုင်းဝန်းဖြည့်ဆည်းပေးလာပါတယ်။ တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများ မှာ ပညာသင်ယူနိုင်ဖို့ ကြော်ငြာနေစဉ်မှာလည်း ကျောင်းသားမိဘများ၊ ပညာလိုလားပြီး ငွေကြေးမတတ်နိုင်တဲ့ လူငယ်များ တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများမှာ တက်ရောက်နိုင်ဖို့ နှိုးဆော်ခဲ့ပါတယ်။

တပ်မတော်ဘက်က အခုလို နိုင်ငံတော်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးပြန်တော့လည်း ပြည်သူများကြားမှာ အထင်အမြင်လွဲမှားမှုတွေဖြစ်အောင် ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေက နည်းမျိုးစုံနဲ့ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေကြပြန်တာပါပဲ။ သူတို့ရဲ့ တဖက်သက် အစွန်းရောက် အမြင်က တပ်မတော်က အများပြည်သူကောင်းကျိုးဖြစ်စေဖို့ လုပ်နေလို့လည်း အကောင်းမမြင်နိုင်ပါဘူး။ 

ပြည်သူတွေအနေနဲ့ကတော့ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မိစ္ဆာတွေရဲ့ စကားတွေကို တဖက်သတ် ယုံကြည်လက်ခံပြီး တပ်မတော်အပေါ် အမုန်းပွားနေတာမျိုး မဖြစ်စေချင်ပါဘူး။ အထူးအားဖြင့် ပညာရေးကိစ္စမှာ အများပြည်သူ မှန်ကန်စွာ နားလည်နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။

တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများဖွင့်တဲ့နေရာမှာလည်း သင်ကြားပေးနေတာက အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမတွေပဲ ဖြစ်ပါတယ်။ တပ်မတော်အရာရှိ၊ တပ်မတော်သားတွေဆိုတာလည်း အများစု အခြေခံပညာပြီးဆုံးလို့ တပ်မတော်စစ်တက္ကသိုလ်တွေမှာ တက်ရောက်ပြီး အရာရှိဖြစ်လာကြတာပါ။ တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများက ဘာတွေ ပိုကောင်းလာဖို့ မျှော်လင့်လို့ရမလဲဆိုရင် စည်းကမ်းပိုင်းမှာ ပိုမိုကောင်းမွန်လာမယ်။ စနစ်တကျ ထိန်းကျောင်းပေးတာမျိုးကို ရမယ်။ ကာယ၊ ဉာဏနဲ့ ဆိုင်တဲ့ ပြုပြင်ပျိုးထောင်မှုအပိုင်းမှာ ပိုပြီး သာလွန်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ 

ကျောင်းတွေ ဖွင့်လှစ်ထားပြီးဖြစ်လို့ ၁၂-၆-၂၀၂၆ ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများနဲ့အတူ အမှတ် (၂) တပ်မတော် လူငယ်ပညာရေးသင်တန်းကျောင်းကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

အဲဒီမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းသားများအား လေ့ကျင့်သင်ကြားပေးရာတွင် ပညာရေးပိုင်းသာမက ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အကျင့်စာရိတ္တကောင်းမွန်ကာ ထူးချွန်ထက်မြက်သည့် နိုင်ငံတော်နှင့် တပ်မတော်က အားထားရသော မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာရေး စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်၊ စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်၍ စံပြုထိုက်သော ကျောင်းသားများဖြစ်အောင် ပျိုးထောင်ပေးရန်၊ အားကစားတွင် အရည်အသွေးရှိသူများကို ထူးချွန်သည်အထိ မြေတောင်မြှောက်ပေးရန်၊ ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးရန်၊ ဆရာ/ ဆရာမများနှင့်ပတ်သက်၍ ကျွမ်းကျင်သော ဘာသာရပ်အလိုက် သင်ကြားမှုတွင် ကိုက်ညီအောင် စီမံပေးရန်၊ သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းများကို အကျိုးရှိအောင် အသုံးချ၍ သင်ကြားပေးရန်၊ လစဉ်နှင့် နှစ်ဝက် ဆန်းစစ်စာမေးပွဲများကို အရည်အသွေးပြည့်မီအောင် စိစစ်ပြီး လိုအပ်သောဘာသာရပ်များကို အချိန်ပိုသင်ကြားပေးခြင်းစသဖြင့် တတ်မြောက်မှုနှင့် အောင်ချက်မြင့်မားစေရေး ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာကို တွေ့ရပါတယ်။

ဒီလိုအခြေအနေတွေကို မြင်ရတော့ မိသားစု စီးပွားရေးအဆင်မပြေလို့၊ မိမိတို့ဒေသမှာ အထက်တန်းကျော်င်းမရှိလို့၊ မြို့ပေါ်မှာ ကျောင်းသွားမထားနိုင်လို့ စသည်အားဖြင့် အကြောင်းပြချက်မျိုးစုံနဲ့ မျိုးဆက်သစ် ရင်သွေးရတနာတွေ ပညာရေးဆုံးခန်းတိုင်ဖို့ရာ အခက်အခဲဖြစ်နေပြီဆိုရင် တပ်မတော်လူငယ်ပညာသင်ရေးသင်တန်းကျောင်းများဟာ အားထားစရာ နေရာတစ်ခုဖြစ်လာပါတယ်။ ကျောင်းသားမိဘများအနေနဲ့က မိမိတို့ရဲ့ သားသမီးကို ပညာတတ်ဖြစ်စေချင်တယ်၊ မိမိတို့မှာ အခက်အခဲ ရှိနေတယ်ဆိုရင် အလေးထားစဉ်းစားရမယ့် နေရာတစ်ခုပါ။ ပညာလိုလားတဲ့ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ကလည်း ကိုယ်က ဘာလိုချင်တာလဲ။ ပညာရှာရမယ့်အရွယ်မှာ ပညာကို လိုချင်တာဆိုရင် ဆရာတော်သံဃာတော်များက ဖွင့်လှစ်တဲ့ ဘကကျောင်းများမှာပဲဖြစ်ဖြစ်၊ တပ်မတော်က ဖွင့်လှစ်တဲ့ လူငယ်ပညာရေးသင်တန်းကျောင်းများပဲ ဖြစ်ဖြစ် မိမိတို့ ပညာရေးအတွက် အလေးထားဆောင်ရွက်ပေးနေတဲ့ ဘယ်ကျောင်းမျိုးမှာမဆို မိမိတို့ရဲ့ ပညာရေးပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ကို စဉ်းစားရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

အတွေးမမှားဖို့ အဓိက ပြောချင်တာက တပ်မတော်နဲ့ ပြည်သူလူထုကြားမှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက နည်းမျိုးစုံနဲ့ ဘက်ပေါင်းစုံကနေ အမုန်းပွားအောင် ဖန်တီးလုပ်ဆောင်နေမှုတွေအပေါ်မှာ နားမယောင်ကြဖို့ပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာတွေက ပြောနေသလို တကယ်ပဲ ပြည်သူလူထုအပေါ် ယုတ်မာရိုင်းစိုင်းနေသလား ကိုယ်တိုင်လေ့လာစုံစမ်းကြည့်ပါ။ ဘယ်အဖွဲ့အစည်းမှာမဆို လူကောင်းနဲ့ လူဆိုးကတော့ ဒွန်တွဲနေမြဲပဲ ဖြစ်ပါတယ်။ ပါတီအဖွဲ့အစည်းများမှာလည်း ထိုပြဿနာမျိုး ရှိသလို တပ်မတော်ထဲမှာလည်း လူကောင်းချည်းတော့ မဟုတ်ပါဘူး။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး ပြည်သူများအပေါ် မလျော်ကန်သော လုပ်ရပ်တွေ လုပ်ကြတာမျိုးလည်း ရှိပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ လုပ်ရပ်ကို အဖွဲ့အစည်းအပေါ် အပြစ်ပုံချလို့တော့ မရပါဘူး။ တပ်မတော်အရာရှိများထဲမှာလည်း ပုဂ္ဂိုလ်ရေးအရ ယှဉ်ပြိုင်မှုတွေရှိတာပါပဲ။ မိမိရဲ့ စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး အသားထဲက လောက်ထွက် တိုင်းဖျက် ပြည်ဖျက် လုပ်တဲ့သူတွေနဲ့ ပူးပေါင်းသွားတဲ့ နေမျိုးဇင်တို့လို ကောင်တွေလည်း အများကြီး ရှိပါတယ်။ 

ဒီလိုပြဿနာတွေရှိနေတာ ဖြစ်တဲ့အတွက် မိမိတို့က တိုင်းပြည်နဲ့ လူမျိုးကို တကယ်ချစ်တယ်။ တိုင်းပြည်ကာကွယ်ရေးမှာ ပါဝင်ဆောင်ရွက်ချင်တယ်။ တပ်မတော်ကြီးကိုလည်း ဒီထက်ပိုပြီး ကောင်းသထက် ကောင်းအောင် ဆောင်ရွက်လိုတဲ့ ဆန္ဒရှိတယ်ဆိုရင် ရှေ့လူကြီးများရဲ့ ကောင်းမွေကို ဆက်ခံ၊ မကောင်းတဲ့ စရိုက်ဆိုးတွေကို မိမိတို့လက်ထက်မှာ ပယ်ဖျက် ဒီလိုမျိုးနည်းနဲ့ပဲ အဖွဲ့အစည်းတစ်ခု ကောင်းသည်ထက် ပိုကောင်းအောင် တည်ဆောက်ယူကြရတာ ဖြစ်ပါတယ်။

အစိုးရအဆက်ဆက်မှာ တွေ့မြင်နေရတဲ့ ပြဿနာကို ပြောပါဆိုရင် တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာလိုမှု ပြဿနာတွေ ရှိပါတယ်။ ထိုနည်းတူစွာ တပ်မတော်ထဲမှာလည်း ရှိနေပါတယ်။ နစကအစိုးရလက်ထက်မှာ ပြန်ကြည့်မယ်ဆိုရင်ပဲ နိုင်ငံတော်အကြီးအကဲက အားထားတဲ့ အရာရှိတချို့ အဂတိလိုက်စားပြီး ကိုယ်ကျိုးရှာမှုတွေ လွန်ကဲလာတဲ့အခါ အရေးယူဆောင်ရွက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ 

မြန်မာပြည်ရဲ့ ပညာရေးနဲ့ ပတ်သက်လို့ အလေးထားဆောင်ရွက်ပေးခဲ့တာက ဆရာတော်သံဃာတော်တွေ ဖြစ်ပါတယ်။ မြန်မာပြည် ပညာရေးနဲ့ ဆရာတော်သံဃာတော်များရဲ့ အခန်းကဏ္ဍဟာ မြန်မာ့သမိုင်းတလျှောက် ခွဲခြားလို့ မရပါဘူး။ ရှေးဘုရင်များလက်ထက်မှာလည်း သံဃာတော်များရဲ့ သင်ကြားပို့ချပေးမှုနဲ့ ပညာတတ်လူတန်းစားဆိုတာ ဖြစ်လာတာပါ။ ကျွန်တော်တို့ အဖိုး၊ အဖွားများသည်လည်း ဘုန်းတော်ကြီးကျောင်းများမှာနေပြီး ဘုန်းတော်ကြီးသင်ပညာရေးနဲ့ ပညာတတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ယနေ့အချိန်အထိလည်း ဆရာတော်သံဃာတော်များက တိုင်းပြည်ရဲ့ လိုအပ်ချက်၊ လူ့စွမ်းအားအရင်းအမြစ်တိုးတက်စေဖို့ တာဝန်ပေးအပ်ထားခြင်း မရှိသော်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ မျိုးဆက်သစ် ရင်သွေးရတနာ ကလေးငယ်တွေရဲ့ ပညာရေးအတွက် တစ်ထောင်တစ်နေရာနေ ကူညီပံ့ပိုးပေးနေကြဆဲ ဖြစ်ပါတယ်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများထဲမှာဆိုရင် ကလေးမြို့က နေသာဆရာတော်ကြီး ဦးစီးတဲ့ကျောင်း အလွန်ထင်ရှားပါတယ်။ ဆရာတော်ကြီးရဲ့ ကျောင်းကနေထွက်လာတဲ့ ကျောင်းသား၊ ကျောင်းသူတွေ နယ်ပယ်စုံမှာ ရှိပါတယ်။ တပ်မတော်အရာရှိများထဲမှာလည်း ရှိသလို တိုင်းဖျက် ပြည်ဖျက် လုပ်နေတဲ့ သူတွေထဲမှာလည်း ရှိတယ်လို့ ကြားသိရပါတယ်။ ဆရာတော်ကြီးကတော့ တပည့်တွေကို တိုင်းပြည်ကို ကောင်းကျိုးပြုနိုင်ဖို့ မွေးထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီးက ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ပြုစုပျိုးထောင်ပေးခဲ့သည့်တိုင်အောင်လည်း ပညာတတ်ပြီး အတွေးလွဲတဲ့ လူတွေက လမ်းမှာရောက်ကုန်ကြတယ်။ တိုင်းဖျက် ပြည်ဖျက် အလုပ်တွေကို လုပ်နေကြတယ်။ နေပြည်တော်ထဲမှာဆိုရင် ဗုဒ္ဓရတနာပရဟိတကျောင်းက နှစ်စဉ်ကျောင်းသား၊ ကျောင်းသူများစွာကို တာဝန်ယူမွေးထုတ်ပေးနေပါတယ်။ အခြေခံပညာအဆင့်သာမက အဆင့်မြင့်ပညာသင်ကြားပြီးဆုံးသည်အထိ ဆရာတော်ဘက်က ကူညီပံ့ပိုးပေးပါတယ်။ ဒီရက်ပိုင်း ဗုဒ္ဓရတနာဆရာတော်က သူ့တပည့်မတစ်ယောက် မြန်မာပြည်မှာ ပထမဆုံးအမျိုးသမီး မီးရထားစက်ခေါင်းမောင်းသူ ဖြစ်လာပြီဆိုတဲ့အကြောင်း tiktok မှာ ဂုဏ်ယူဝမ်းမြောက်စွာ တင်ထားတာကို တွေ့ရပါတယ်။ အမျိုးသားရေးဦးဆောင်ဆရာတော်များဖြစ်တဲ့ ဆရာတော်ဦးပညာဝရဆိုရင်လည်း မဟောသဓာ ကိုယ်ပိုင်အထက်တန်းကျောင်းကို တည်ထောင်ပြီး နှစ်စဉ်ကျောင်းသားပေါင်းများစွာ မွေးထုတ်ပေးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အမျိုးသားရေးဦးဆောင်ဆရာတော်ဖြစ်တဲ့ ဆရာတော် ဦးဝီရသူ ဆိုရင်လည်း မင်းကွန်းပညာရေးဒကယ်ဒမီကို တည်ထောင်ပြီး ကျောင်းသား၊ ကျောင်းသူများကို နေစားငြိမ်း စနစ်တကျ စောင့်ရှောက်ပြီး ပညာသင်ကြားပေးလျက်ရှိပါတယ်။ ယခုကာလ စစ်ကိုင်းဘက်မှာ ပညာရေးနဲ့ ပတ်သက်လို့လည်း မျှော်လင့်မထားတဲ့ အခက်အခဲမျိုးတွေ ကြုံရတာ ရှိပါတယ်။ ဒါတွေကိုလည်း ဆရာတော်က ကျောင်းသား၊ ကျောင်းသူများရဲ့ ရှေ့က မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ပေးနေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါတွေက မြန်မာပြည်ပညာရေးအတွက် ဆရာတော် သံဃာတော်များက တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုကို သိစေလိုခြင်း ဖြစ်ပါတယ်။ တချို့သော ပညာရေးဝန်ထမ်းများက အထင်သေးသလိုလို ပျက်ရယ်ပြုစော်ကားလိုတာမျိုးတွေလည်း ကြုံတွေ့ရပါတယ်။ ဆရာတော် သံဃာတော်များဟာ ကျောင်းသားလူငယ်ပေါင်းများစွာကို မွေးထုတ်ပေးနေတယ်။ ဒီအထဲကမှ ထူးချွန်အောင်မြင်လာတဲ့ ကျောင်းသားတွေလည်း ရှိပါတယ်။ ဒီကလေးငယ်တွေ ထူးချွန်အောင်မြင်လာတဲ့အခါ ဒီအသီးအပွင့်ကို ဆရာတော် သံဃာတော်တွေက ခံစားတာမဟုတ်ပါဘူး။ တိုင်းပြည်အတွက် အများအတွက်ပဲ ဖြစ်စေတာပါ။

ထိုနည်းတူစွာ တပ်မတော်က လူငယ်ပညာရေးသင်တန်းကျောင်းများ ဖွင့်လှစ်ပေးနေခြင်းဟာလည်း မျိုးဆက်သစ် ရင်သွေးရတနာတွေရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ တိုးတက်လာစေဖို့ တိုင်းပြည်နဲ့ လူမျိုးကို ကောင်းမွန်မှန်ကန်စွာ အကျိုးပြုနိုင်စေဖို့ပဲ ဖြစ်ပါတယ်။ ဒီအသီးအပွင့်ကို တပ်မတော်အရာရှိကြီးတွေက ခံစားမှ မဟုတ်ဘဲ။ ထူးချွန်လာသူကို နေရာပေးမယ်၊ အခွင့်အရေးပေးမယ်။ တိုင်းပြည်နဲ့ လူမျိုးကို ကောင်းစွာ အကျိုးပြုနိုင်အောင် စီမံဖန်တီးဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။

မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နဲ့ ပညာရေးကို ရပ်မနေဘဲ အထက်တန်းမှသည် အဆင့်မြင့်ပညာများ ပြီးဆုံးသည်အထိ သင်ယူနိုင်ဖို့ အခွင့်အလမ်းများ ဖန်တီးပေးနေခြင်းဟာ တိုင်းပြည်တည်ဆောက်ရေးမှာ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ ပြည်ပြေး ဝရမ်းပြေးများနဲ့ ပြည်ဖျက်မီဒီယာများရဲ့ လုပ်ကြံဖန်တီးရေးသားပြီး တပ်မတော်နဲ့ ပြည်သူလူထုကြား သွေးခွဲနေတာတွေကို နားမယောင်ကြဖို့၊ မျိုးဆက်သစ် ရင်သွေးရတနာတွေရဲ့ ပညာရေးမြင့်မားလာစေဖို့ ဆောင်ရွက်ပေးနေတဲ့ တပ်မတော်ရဲ့ ဆောင်ရွက်ချက်ဟာ ပိတိဖြစ်ရမယ့် အလုပ်၊ ဂုဏ်ယူရမယ့် အလုပ်၊ မျိုးဆက်သစ် ရင်သွေးရတနာတွေကို ကောင်းစွာ ပြုစုပျိုးထောင်ပေးနေတဲ့ နေရာတစ်ခုအဖြစ် ပျော်ရွှင် ဝမ်းမြောက်ကြရမှာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)