ကျောင်းသားကလေးတွေကိုတော့ ချန်ထားပေးကြပါလို့ အိန္ဒိယတောင်းဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းသားကလေးတွေကိုတော့ ချန်ထားပေးကြပါလို့ အိန္ဒိယတောင်းဆို


ဇွန် - ၂၇ ( စနေနေ့ ) 

လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေအပေါ် ထပ်ခါတလဲလဲ ပစ်မှတ်ထား တိုက်ခိုက်နေကြတဲ့ အပေါ် အိန္ဒိယနိုင်ငံက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး၊ ဒီလိုရာဇဝတ်မှုမျိုး ကျူးလွန်တဲ့သူတွေကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိနဲ့ အပြစ်ပေးအရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ (UN) ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဟာရစ်ရှ် ပါဗာသာနီနီ က ပညာသင်ကြားခွင့်ဆိုတာ ပဋိပက္ခတွေ ဖြစ်နေတဲ့ အချိန်မျိုးမှာတောင် ဆက်ပြီးရရှိနေရမယ့် အခွင့်အရေးတစ်ခုဖြစ်တယ်လို့ အလေးအနက် ပြောကြားခဲ့ပြီး၊ "ပညာရေးဆိုတာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်မယ့် အားအကောင်းဆုံး အထောက်အပံ့တွေထဲက တစ်ခုဖြစ်တယ်" လို့ ဆိုသွားပါတယ်။ သူက ဆက်ပြီးတော့ "တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲနဲ့ ကလေးတွေကို ကာကွယ်ပေးဖို့ ကြိုးစားနေတာဟာ မပြည့်စုံပါဘူး" လို့ ထောက်ပြသွားပါတယ်။ 

တကယ်တော့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေအရ စာသင်ကျောင်းတွေကို တမင်သက်သက် ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်ပါတယ်။ ဒါပေမဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အခုလို ပြောသွားပါတယ် “ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် (အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စတင်ဗုံးကြဲတဲ့နေ့) တုန်းက အီရန်နိုင်ငံက မိန်းကလေးကျောင်းတစ်ကျောင်း ကို ဗုံးမှန်ခဲ့လို့ အသက် ၆ နှစ်ကနေ ၁၃ နှစ်ကြား ကျောင်းသူလေး ၁၂၀ ကျော်နဲ့ ဆရာ၊ ဆရာမ ၂၆ ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်မှာ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာ ဘယ်တော့မှ သိနိုင်တော့မှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။ 

ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ အစပိုင်းတုန်းကတော့ အမေရိကန်ဟာ အီရန်တောင်ပိုင်း မီနတ်ဘ်မြို့မှာ ရှိတဲ့ အဲဒီစာသင်ကျောင်း ဗုံးကြဲခံရမှုနဲ့ ပတ်သက်ပြီး အီရန်စစ်တပ်မှာပဲ တာဝန်ရှိသလိုမျိုး လွှဲချဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း အမေရိကန်စစ်တပ်ရဲ့ အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ ဒီလို လူအများအပြား သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဟာ အမေရိကန်တပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက် ညပိုင်းတုန်းက ရုရှားထိန်းချုပ်ထားတဲ့ လူဂန့်စ်ပြည်သူ့သမ္မတနိုင်ငံ ထဲက ကျောင်းသားတွေအိပ်နေကြတဲ့ စာသင်ကျောင်းနဲ့ အဆောင်တစ်ခုကို ယူကရိန်းဒရုန်းတွေက ညဘက်ကြီး လာရောက်ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အဆောက်အအုံရဲ့ တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးသွားခဲ့ပြီး၊ အများစုက ဆယ်ကျော်သက်မိန်းကလေးတွေဖြစ်တဲ့ လူ ၂၁ ယောက် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အပတ်ကလည်း ရုရှားနိုင်ငံ ဘာရန်စ်ခ်  ဒေသထဲမှာ လူ ၄၄ ယောက် လိုက်ပါလာတဲ့ ဘတ်စ်ကား တစ်စီးကို ကိဗ် (ယူကရိန်းအစိုးရ) ဘက်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီကားပေါ်မှာ ပါလာတဲ့သူတွေထဲက ၂၈ ယောက်ဟာ ကလေးတွေဖြစ်ပြီး၊ သူတို့အားလုံးဟာ ဘီလာရုစ်လူငယ် အားကစား အသင်း က အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

ဒီတိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးတဲ့နောက်မှာတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ က ယူကရိန်းဟာ ကလေးတွေကို "လိုက်လံအမဲလိုက်နေတာ" ဖြစ်တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

အိန္ဒိယသံအမတ်ကြီး ပါဗာသာနီနီ ကလည်း "လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြီးတော့ သူတို့တွေ သင်ယူခွင့်၊ ကြီးပြင်းခွင့်နဲ့ သူတို့ရဲ့ စွမ်းရည်တွေကို အပြည့်အဝ ဖော်ထုတ်ခွင့်ရရှိအောင် ပံ့ပိုးပေးဖို့အတွက် အိန္ဒိယနိုင်ငံအနေနဲ့ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်သွားမှာပါ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

တကယ်တော့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ်ရဲ့ ဒီလိုပြောကြားချက်တွေဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က 'ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ' ဆိုတဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

PTI သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဒီအစီရင်ခံစာထဲမှာ ၂၀၂၅ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ကြောင့် ကလေးတွေအပေါ် ချိုးဖောက်ကျူးလွန်မှုတွေဟာ "တုန်လှုပ်ခြောက်ခြားစရာ အဆင့်" အထိ ရောက်ရှိခဲ့ပြီး၊ ထိခိုက်နစ်နာခဲ့ရတဲ့ ကလေးအရေအတွက်ဟာလည်း စံချိန်တင်များပြားခဲ့တယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ ပါဝင်ပတ်သက်နေကြတဲ့ အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ကြတဲ့အပြင် တမင်တကာပါ ချိုးဖောက်ခဲ့ကြပြီး ဘာအပြစ်ဒဏ်မှလည်း မခံရဘဲ ဒီလိုဆိုးရွားတဲ့ ချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်နေကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)