နေပြည်တော်၊ ဇွန် ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား ယမန်နေ့က နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာ စကားပြောကြားရာတွင် ပညာရေးကဏ္ဍမြှင့်တင်နိုင်ရန် ထည့်သွင်း ပြောကြားသည်။
နိုင်ငံတော်သမ္မတ က နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး KG+9 အထိ မသင်မနေရပညာရေးစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး တန်းစဉ်ကူးပြောင်းမှုများ ကောင်းမွန်တိုးတက်စေရေး တတ်နိုင်သမျှ ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရမှဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများမှ ထူးချွန်သည့် ကျောင်းသား၊ ကျောင်သူများ ပိုမိုတိုးတက်ပေါ်ထွန်းလာစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အစိုးရပညာရေးစနစ်ကိုမြှင့်တင်နိုင်ရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနသာမက တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များကလည်း ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း။
ကျောင်သား၊ ကျောင်းသူများ တစ်ကိုယ်ရည်ကျန်းမာရေးအတွက်ကျောင်း ကျန်းမာရေးကိုလည်း စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ မူလတန်းအရွယ်မှစတင်၍ ကောင်းမွန်သည့်အလေ့အကျင့်များရရှိအောင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျောင်းတက်ရောက်၍ ပညာသင်ကြားခြင်းအားဖြင့် သင်ခန်းစာများတွင်ပါရှိသည့်နီတိများကိုသင်ကြားပြီး ကျန်းမာရေးအသိပညာရှိမည်၊ အာဟာရပြည့်ဝစွာစာသုံးနိုင်မည်ဆိုပါက စွမ်းရည်စွမ်းအားရှိသည့် နိုင်ငံတော်အတွက်လိုအပ်သော အနာဂတ်လူငယ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။
အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများမှ ပြန်လည်ဖွင့်လှစ်နိုင်သည့် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကောင်းစွာပညာသင်ကြားရေးကို ခြိမ်းခြောက်မှုများကြောင့် ပိတ်ထားရသည့်ကျောင်းများရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် မိမိတို့ဒေသကို နိမ့်ပါးသည့်နေရာသို့ရောက်အောင်တွန်းပို့ ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ၏အနာဂတ်ကိုဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဒေသပျက်စီးရေးဆောင်ရွက်နေမှုများကို နိုင်ငံချစ်စိတ်၊ ဒေသချစ်စိတ်၊ မျိုးချစ် စိတ်ရှိသူများက ဒေသတွင်းစုပေါင်းအားဖြင့် ဝိုင်းဝန်းဆန့်ကျင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ စာသင်ကျောင်းများ လုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ပြီး ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသအလိုက် လုံခြုံရေးပိုင်း ဆိုင်ရာများနှင့်ပတ်သက်၍ စီမံချက်များ ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
#MNP #News

No comments:
Post a Comment