နေပြည်တော်၊ ဇွန် - ၁၄
မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့များကို မြန်မာ့ကမ်းလွန်စီမံကိန်းများမှ ထုတ်ယူလျက်ရှိပြီး လက်ရှိထုတ်လုပ်နေသည့် စီမံကိန်းများတည်ရှိနေသော ရေတိမ်ပိုင်း ကမ်းလွန်ဒေသများအပြင် ရေနက်ပိုင်းကမ်းလွန်ဒေသများတွင်လည်း ကြီးမားသော သဘာဝဓာတ်ငွေ့ ခိုအောင်းမှုများရှိနေသည်ဟု ဘူမိဗေဒသပညာရှင်များက ပင်လယ်ရေအောက်တွင် တည်ရှိနေသည့် သဲကြောများအား 3D Seismic ပြုလုပ်၍ရရှိလာသည့် အချက်အလက်များနှင့် စမ်းသပ်တူးဖော်ခဲ့သော ရှာဖွေရေး တွင်းများ၏ရလဒ်များကို အခြေပြု၍ အတည်ပြုထားကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေးဗျူရို ၏ စာမျက်နှာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသည့် ကမ်းလွန်စီမံကိန်း(၄)ခုကို ဖော်ဆောင်နိုင်ခဲ့သည့်အတွက် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်မြေဩဇာထုတ်လုပ်မှုအပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် သဘာဝဓာတ်ငွေ့ များကို အသုံးပြုလျက်ရှိရာ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုလျက်ရှိသည်။
ယခုအခါ စီမံကိန်းအသစ်(၄)ခုကို ထပ်မံဖော်ဆောင်နိုင်ရန် စီမံဆောင်ရွက် လျက်ရှိနေပြီး ယင်းစီမံကိန်း(၄)ခုအနက် ဧရာဝတီကမ်းလွန်ဒေသတွင် ဖော်ဆောင်နေသည့် စီမံကိန်းနှင့် တနင်္သာရီကမ်းလွန်ဒေသတွင် ဖော်ဆောင်နေသည့် စီမံကိန်းတို့သည် ဓာတ်ငွေ့သိုက်ပမာဏကြီးမားပြီး အလားအလာကောင်းသော စီမံကိန်းများ ဖြစ်ကြောင်း၊ ဧရာဝတီကမ်းလွန်ဒေသလုပ်ကွက် စီမံကိန်းသည် ဧရာတီကမ်းလွန်ဒေသ ရေနက်ကမ်းလွန်ပိုင်းတွင်တည်ရှိပြီး အစမ်းတွင်းနှင့် အတည်ပြုတွင်းများ တူးဖော်၍ ရာနှုန်းပြည့်သေချာမှုရှိသည့် သဘာဝဓာတ်ငွေ့ ၁၄ ထရီလီယံ ကုဗပေအထိ ထွက်ရှိရန် အလားအလာရှိသော ဓာတ်ငွေ့သိုက်ဖြစ်ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ရေး အတွက် လုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
တနင်္သာရီကမ်းလွန်ဒေသလုပ်ကွက်သည် တနင်္သာရီကမ်းလွန်ဒေသ ရေနက်ကမ်းလွန်ပိုင်းတွင် တည်ရှိပြီး သဘာဝဓာတ်ငွေ့သိုက်ဟု အတည်ပြုထားပြီး သေချာမှု ၉၀ ရာခိုင်နှုန်း(P 90) ပမာဏ ၉၅ ထရီလီယံကုဗပေခန့်ရှိကြောင်း၊ အစမ်းတွင်းများ ဆက်လက်တူးဖော်မည်ဖြစ်ရာ ဓာတ်ငွေ့ခိုအောင်းနေမှုပမာဏအား တိကျသေချာစွာသိရှိပါက စီးပွားဖြစ်တူးဖော်ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
#MNP #News

No comments:
Post a Comment