ရန်ကုန်၊ ဇွန် ၁၄
၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၊ ဒလမြို့နယ်အမှတ်(၂) မဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး က ဒလမြို့နယ်ရှိ ပြည်သူတွေမှာ သောက်သုံးရေရရှိမှု အခက်အခဲနှင့် ပတ်သက်၍ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က ဒလမြို့နယ်အတွင်းသို့ ရေထပ်မံပေးပို့နိုင်ရေးအတွက် မြန်မာ - ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားပေါ်ရှိ ရေပိုက်လိုင်းမှတစ်ဆင့် ရေပေးဝေနိုင်ရေးအတွက် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်းနှင့် ကုက္ကိုဝရေပေးဝေရေးစီမံကိန်း ပြီးစီးချိန်တွင် ဒလမြို့နယ်အတွင်းသို့ ရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားထားသည်။
အဆိုပါ ဖြေကြားချက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး က "ဒလမြို့မကြာမှီသောက်သုံးရေ အပြည့်အဝရရှိတော့မည်ဖြစ်ကြောင်း၊ ဒလမြို့တွင်နေထိုင်ကြသောပြည်သူများ နှစ်ပေါင်းများစွာ သောက်သုံးရေရှားပါးမှုအခက်အခဲနှင့် ကြုံတွေ့ခဲ့ကြရပါသည်။ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြိုပေါ်ရပ်ကွက်ရှိ လူနေအိမ်များ၏ ၃၀ ရာခိုင်နှုန်းခန့်သာ ရေပေးဝေနိုင်ကြောင်း ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မြို့ပေါ် နေအိမ်အားလုံး သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန် မည်သည့်အခါတွင် မည်ကဲသို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ အစီအစဉ်မရှိပါက အဘယ်ကြောင့်ဖြစ်သည်ကို ဖြေကြားပေးပါရန် လွှတ်တော်ဥက္ကဋ္ဌ မှတဆင့်မြေမြန်းခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်မှ ပြန်လည်ဖြေကြားရာတွင် "ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လက်ရှိတွင် ဒလမြို့နယ်ရပ်ကွက် ၂၄ ခုသို့ ဒလမြို့မှ ၉ မိုင်အကွာရှိ ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းရှိ အဝေစိတွင်း ၂၄ တွင်းမှ ရေကို (Nano) စနစ်ဖြင့် သန့်စင်ပြီး ရေဂါလန် ၁ ဒသမ ၅ သန်းအားလည်းကောင်း၊ လမ်းမတော်မြို့နယ်၊ သခင်မြပန်းခြံအတွင်းရှိ ရေစုကန်မှ ရေဂါလန် ၀ ဒသမ ၁ သန်းကို မြန်မာ - ကိုရီး ယားချစ်ကြည်ရေး (ဒလ) တံတားပေါ်ရှိ ရေပိုက်လိုင်းကတစ်ဆင့် လည်းကောင်း စုစုပေါင်းရေဂါလန် ၁ ဒသမ ၆ သန်းအား နေ့စဉ်ပေးဝေလျက်ရှိကြောင်း၊ ဒလမြို့ပေါ်ရပ်ကွက် ၂၄ ခုတွင် လူဦးရေ ၁၂၆,၄၆၉ ယောက်အတွက် တစ်ရက်ရေလိုအပ်ချက်မှာ ရေဂါလန် ၅ သန်း ဖြစ်ပြီး နေ့စဉ်ရေဂါလန် ၁ ဒသမ ၆ သန်းပေးဝေနေရာ ရေဂါလန် ၃ ဒသမ ၄ သန်း ထပ်မံလိုအပ်လျက်ရှိကြောင်း၊ သို့ပါ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဒလမြို့နယ်အတွင်းသို့ ရေထပ်မံပေးပို့နိုင်ရေးအတွက် မြန်မာ - ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားပေါ်ရှိ ရေပိုက်လိုင်းမှတစ်ဆင့် ရေပေးဝေနိုင်ရေးအတွက် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်းနှင့် ကုက္ကိုဝရေပေးဝေရေးစီမံကိန်း ပြီးစီးချိန်တွင် ဒလမြို့နယ်အတွင်းသို့ ရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
#MNP #News

No comments:
Post a Comment