ခေတ်သစ် တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး တိုးတက်မှုအတွက် ကင်နှင့် အရေးကြီးဘုံသဘောတူညီချက်ရရှိဟု တရုတ်သမ္မတ ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ခေတ်သစ် တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး တိုးတက်မှုအတွက် ကင်နှင့် အရေးကြီးဘုံသဘောတူညီချက်ရရှိဟု တရုတ်သမ္မတ ပြောကြား









ပြုံယမ်း၊ ဇွန် ၁၀ 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်း‌ရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းနှင့်အတူ ခေတ်သစ်ကာလ တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ဆက်ဆံရေးတိုးတက်မှုဆိုင်ရာ အရေးကြီး ဘုံသဘောတူညီချက်ရရှိခဲ့‌ကြောင်း ဇွန် ၉ ရက်က ပြောကြားခဲ့သည်။ 

နှစ်ဖက်သည် ဒေသတွင်းနှင့် ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းအပေါ် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြကြောင်း ရှီက ၎င်းနှင့် ဇနီး ဖုန်လိယွမ်တို့ ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် မြောက်ကိုရီးယားနိုင်ငံရေးရာ ဥက္ကဋ္ဌ ကင်နှင့် ဇနီး ရီဆိုးလ်ဂျူတို့က တည်ခင်းဧည့်ခံသော နေ့လယ်စာစားပွဲ တက်ရောက်ချိန်၌ ပြောကြားခဲ့သည်။ 

ယခုခရီးစဉ်အတွင်း လှိုက်လှဲနွေးထွေးသော ဧည့်ဝတ်ကျေပွန်မှု၊ လေးနက်သော အစီအစဉ်များအတွက် ရှီက ကျေးဇူးတင်ရှိကြောင်းနှင့် မြောက်ကိုရီးယား ပါတီ၊ အစိုးရနှင့် ပြည်သူများက တရုတ်နိုင်ငံ ပါတီ၊ အစိုးရနှင့်  ပြည်သူများအပေါ် နွေးနွေးထွေးထွေးရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပို၍ နက်နက်ရှိုင်းရှိုင်း ခံစားမိကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြား အပြန်အလှန် နားလည်မှုမှာလည်း ပိုမိုနက်ရှိုင်း၍ ကျယ်ပြန့်ပြည့်စုံလာကြောင်း၊ အနာဂတ်တိုးတက်မှုလမ်းကြောင်းမှာလည်း ပိုမိုရှင်းလင်းလာကာ ခိုင်မာပီပြင်လာကြောင်း ရှီက ဆိုသည်။ 

ထို့ပြင် ရှီက ၎င်းအနေဖြင့် ကင်နှင့်အတူ ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုကို ပူးတွဲဦးဆောင်သွားရန်၊ နှစ်နိုင်ငံ၏ ဆိုရှယ်လစ်စနစ်လုပ်ငန်းစဉ်အား ခိုင်မာသစ်လွင်သော တွန်းအားသစ် ဖြည့်တင်းပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ 

ကင်ဂျုံအန်းကလည်း ရှီ၏ ခရီးစဉ်မှာ ‌အောင်မြင်မှုရှိခဲ့ကာ မြောက်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံက ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး ခိုင်မာအားကောင်းလျက်ရှိ၍ ဘက်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှုကို ရရှိထားကြောင်းကို ကမ္ဘာကြီးအား အပြုသဘော သတင်းစကားပါးလိုက်ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ 

ရှီ၏ ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဒေသတွင်း အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးအရေးပါကြောင်း၊ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ယခုခရီးစဉ်အတွင်း ရရှိထားသော အရေးကြီး သဘောတူညီချက်ကို လေးလေးနက်နက် အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၌ ထင်ရှားသော အောင်မြင်မှုရလဒ်သစ်များ တိုးမြှင့်ရေး မြောက်ကိုရီးယား-တရုတ်ဆက်ဆံရေးကို မြင့်မားသောအဆင့်သစ်သို့ မြှင့်တင်ရေးအတွက် လုပ်ဆောင်ရန် အသင့်ရှိပါကြောင်း ကင်က မှတ်ချက်ပြုပြောကြားခဲ့သည်။ 

ရှီသည် ဇွန် ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံခရီးစဉ်ကို အဆုံးသတ်ကာ ပြုံယမ်းမြို့မှ ထွက်ခွာခဲ့သည်။ ကင်နှင့် ဇနီးက ရှီနှင့် ဇနီးအား လေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့ကြပြီး ခမ်းနားကြီးကျယ်သော ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားလည်း ကျင်းပခဲ့ကြောင်း သိရသည်။  


Ref - (Xinhua)  

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)