အီရန်ပရိသတ်တွေကို ကမ္ဘာ့ဖလား ကြည့်ခွင့် မပေးတော့ဘူး - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်ပရိသတ်တွေကို ကမ္ဘာ့ဖလား ကြည့်ခွင့် မပေးတော့ဘူး




ဇွန် - ၁၀ ( ဗုဒ္ဓဟူးနေ့ ) 

ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ရန် ရက်ပိုင်းအလိုတွင် အမေရိကန်နိုင်ငံ နဲ့ ကမ္ဘာ့ဖလားကျင်းပရေး ကော်မတီတို့က အီရန်နိုင်ငံအတွက် သတ်မှတ်ပေးထားတဲ့ ပရိသတ်လက်မှတ် အရေအတွက်ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း အီရန်ဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့ပါတယ်။

အခုလို နောက်ဆုံးမိနစ်ရောက်မှ လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် ခရီးသွားလာရေးအတွက် ကြိုတင်စီစဉ်ထားပြီးဖြစ်တဲ့ အီရန်ပရိသတ် ထောင်ပေါင်းများစွာမှာ ၎င်းတို့အသင်းရဲ့ ပွဲစဉ်များကို သွားရောက်ကြည့်ရှုနိုင်ခြင်း မရှိတော့ဘဲ အခက်ကြုံလိုက်ရပါတယ်။ 

ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာစံတော်ချိန် ဇွန်လ ၁၂ ရက်နေ့ ( သောကြာနေ့ ) မနက် ၁ နာရီမှာ စတင်ကျင်းပမှာဖြစ်ပြီး၊ အီရန်အသင်းသည် ၎င်းတို့ရဲ့ အုပ်စု (G) အဖွင့်ပွဲစဉ်နှစ်ခုအဖြစ် ဇွန်လ ၁၅ ရက်နှင့် ဇွန်လ ၂၁ ရက်နေ့တို့တွင် လော့စ်အိန်ဂျလိစ်မြို့၌ နယူးဇီလန်၊ ဘယ်လ်ဂျီယံတို့နှင့် အသီးသီး ရင်ဆိုင်ကစားရမည်ဖြစ်ကာ၊ ဇွန်လ ၂၆ ရက်နေ့တွင်မူ စီအက်တဲလ်မြို့၌ အီဂျစ်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

“အမျိုးသားလက်ရွေးစင်အသင်းရဲ့ အုပ်စုအဆင့် ပွဲစဉ်သုံးပွဲလုံးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အားကစားကွင်းတွေမှာ အီရန်ပရိသတ်တွေ လာရောက်အားပေးခွင့် မရအောင် အမေရိကန်နိုင်ငံက နောက်ထပ်တစ်ကြိမ် ဟန့်တားနှောင့်ယှက်လိုက်ပြန်ပါပြီ” လို့ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (FFIRI) က အင်္ဂါနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ခုအရ သိရပါတယ်။ ၎င်းတို့အတွက် သတ်မှတ်ပေးထားသည့် လက်မှတ်အရေအတွက်ကို “မျှော်လင့်မထားဘဲ ရုတ်တရက် ရုပ်သိမ်းလိုက်ခြင်း” ဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ်က ပြောကြားခဲ့ပြီး၊ ယင်းကြောင့် အမျိုးသားအသင်းအား အားပေးမည့် ပရိသတ်များအတွက် “လက်မှတ်တစ်စောင်တစ်လေမျှပင်” စီစဉ်ပေးနိုင်ခြင်း မရှိတော့ကြောင်း ဖြည့်စွက်ဖော်ပြခဲ့ပါတယ်။ 

ပုံမှန်အားဖြင့် ပြိုင်ပွဲဝင် အဖွဲ့ချုပ်များက ၎င်းတို့ယှဉ်ပြိုင်ရမည့် ပွဲစဉ်တစ်ခုစီအတွက် စုစုပေါင်းလက်မှတ် အရေအတွက်ရဲ့ ၈ ရာခိုင်နှုန်း ကို ခွဲတမ်းအဖြစ် ရရှိကြပြီး၊ ယင်းလက်မှတ်များကို ၎င်းတို့၏ ကိုယ်ပိုင်သတ်မှတ်ချက်များအတိုင်း ပရိသတ်များထံ ပြန်လည်ဖြန့်ဝေပေးလေ့ရှိပါတယ်။

အီရန်ဘောလုံးအဖွဲ့ချုပ် (FFIRI) က ယခုဆုံးဖြတ်ချက်သည် “နိုင်ငံတကာပြိုင်ပွဲများကို လွှမ်းမိုးထားသည့် စိတ်ဓာတ်နှင့် ပြိုင်ပွဲဝင်နိုင်ငံများအကြား တန်းတူညီမျှမှုရှိစေရမည်ဟူသော အခြေခံမူများနှင့် ဆန့်ကျင်ဘက်ဖြစ်နေတယ်” လို့ ဖော်ပြခဲ့ပါတယ် ။ 

ထို့ပြင် ယခုလုပ်ရပ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေးတွင် “အားကစားနှင့်မသက်ဆိုင်သော နိုင်ငံရေးအရ စွက်ဖက်မှုများနှင့် ထည့်သွင်းစဉ်းစားမှုများ ရှိနေခြင်းအပေါ် ပြင်းထန်သော မေးခွန်းထုတ်စရာများ” ပေါ်ပေါက်စေသည်ဟု ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ အီရန်အဖွဲ့ချုပ်က ဖီဖာ (FIFA) နှင့် ပြိုင်ပွဲကျင်းပရေး ကော်မတီတို့အနေဖြင့် “ကြားနေရေး၊ မျှတရေးနှင့် ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ရပ်တည်ပေးရန်” နှင့် အီရန်ပရိသတ်များ ပွဲစဉ်များသို့ လာရောက်ကြည့်ရှုနိုင်ခွင့် ရှိစေရေးအတွက် အာမခံချက်ပေးရန် တောင်းဆိုခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)