ပခုက္ကူ၊ ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် နိုင်ငံတော်အစိုးရသစ်၏ရက်(၁၀၀)ကာလအတွင်း တောင်သူများ၏အဓိက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ပထမဦးစွာ ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းလွင်က တောင်သူများ၏ အဓိကသီးနှံများအချိန်မီစိုက်ပျိုးနိုင်ရေး နှင့်ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့်အသုံးပြုစိုက်ပျိုးရေးနှင့် GAPစနစ် လိုက်နာကျင့်သုံးစေရေးများ၊ မြို့နယ် သမဝါယမဦးစီးမှူး ဦးမြင့်လွင်က သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်တိုးတက်ရေး၊ MSME လုပ်ငန်းများတွင် လယ်ယာကုန်ထုတ်အသင်းများမှ ထုတ်ကုန်များအသုံးပြုနိုင်ရေးများ၊ မြို့နယ် မြေစာရင်းဦးစီးမှူး ဦးသန်းဌေးလွင်က စိုက်ပျိုးမြေပိုင်ဆိုင်မှုဆိုင်ရာပုံစံ(၇)ပါ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအကြောင်း တို့ကို နည်းပညာပေးဆွေးနွေးဟောပြောကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာအုပ်စု(၁၁)အုပ်စု၊ ကျေးရွာ(၁၃)ရွာမှတောင်သူများတက်ရောက် ကြပြီး နည်းပညာပေးဆွေးနွေးမှုများအပေါ် သိရှိလိုသည်များမေးမြန်းကြရာ ဌာနအလိုက်ပြန်လည်ရှင်းလင်းဆွေးနွေးကာ လိုအပ် သည်များ ကူညီဆောင်ရွက်ပေးကြကြောင်းသိရသည်။
ဘာမီသာ(ပခုက္ကူ)
#MNP #News



No comments:
Post a Comment