အမေရိကန်နှင့် တောင်ကိုရီးယားလုပ်ရပ်က ကိုရီးယားကျွန်းဆွယ်အခြေအနေအား ပြင်းပြင်းထန်ထန် ဆိုးရွားလာစေသည်ဟု ကင်ဂျုံအန်း ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်နှင့် တောင်ကိုရီးယားလုပ်ရပ်က ကိုရီးယားကျွန်းဆွယ်အခြေအနေအား ပြင်းပြင်းထန်ထန် ဆိုးရွားလာစေသည်ဟု ကင်ဂျုံအန်း ဆို


ပြုံယမ်း၊ ဇွန် ၂၃ 

မြောက်ကိုရီးယားနိုင်ငံ၏ ကိုရီးယားအလုပ်သမားပါတီ (WPK) ၉ ကြိမ်မြောက် ဗဟိုကော်မတီ ဒုတိယအကြိမ်မြောက် တိုးချဲ့စုံညီအစည်းအဝေးကို ဇွန် ၂၀ ရက်မှ ဇွန် ၂၂ ရက်အထိ ကျင်းပခဲ့ကြောင်း၊ ယခုနှစ်အတွင်း အမေရိကန်နှင့် တောင်ကိုရီးယား၏ လုပ်ရပ်များသည် ကိုရီးယားကျွန်းဆွယ်အခြေအနေအား ပြင်းပြင်းထန်ထန် ဆိုးရွားလာစေသဖြင့် မြောက်ကိုရီးယားသည် ကာကွယ်ရေးအင်အား တည်ဆောက်မှုကို တစ်ဆင့်တိုးမြှင့်တင်သွားမည်ဟု WPK အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းက အစည်းအဝေး၌ ပြောကြားခဲ့ကြောင်း KCNA သတင်းဌာန၏ ဇွန် ၂၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။

ကင်ဂျုံအန်းက ယခုနှစ်အတွင်း အမေရိကန်နှင့် တောင်ကိုရီးယားသည် ဒေသတွင်း စစ်သည်အင်အား တိုးမြှင့်ခြင်း စသည့် လှုပ်ရှားမှုများကို တစ်နေ့တခြား တွန်းအားပေးဖော်ဆောင်လာသည့်အပြင် တောင်ကိုရီးယား နျူကလီးယားရေငုပ်သင်္ဘောအစီအစဉ်အား တွန်းအားပေးခြင်းနှင့် “နျူကလီးယားအရေး ဆွေးနွေးညှိနှိုင်းမှုအဖွဲ့ငယ် အစည်းအဝေး” ထပ်မံခေါ်ယူကျင်းပခြင်းတို့ပင် ဆောင်ရွက်လာကြောင်း၊ အဆိုပါလုပ်ရပ်များသည် ကိုရီးယားကျွန်းဆွယ်အခြေအနေအား ပြင်းပြင်းထန်ထန် ဆိုးရွားလာစေကြောင်း ပြောကြားခဲ့သည်။ 

တန်ချိန် ၁၀,၀၀၀ အဆင့် မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည် စစ်သင်္ဘော တည်ဆောက်ရေး အစီအစဉ်ကို အရှိန်မြှင့်တင်တွန်းအားပေး၍ မြောက်ကိုရီးယားစစ်တပ် တိုက်ခိုက်မှုစွမ်းရည်အား မြှင့်တင်ရာတွင် အရေးကြီး အနက်အဓိပ္ပာယ်ရှိသည့် ပုံမှန်လက်နက်များအား သုတေသနပြုဖော်ထုတ်မှုနှင့် ထုတ်လုပ်မှုကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ကင်ဂျုံအန်းက အလေးထားပြောကြားခဲ့သည်။

ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် လက်ရှိလုပ်ဆောင်နေသည့် တောင်ပိုင်းနယ်စပ် အရေးကြီးခံတပ် အသွင်ပြောင်းရေးလုပ်ငန်းစဉ်ကို အရည်အသွေးပြည့်မီစွာ ပြီးမြောက်အောင် ဆောင်ရွက်၍ ရေတပ် တပ်ဖွဲ့အခြေစိုက်စခန်းအသစ်များအား တည်ဆောက်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ ရပ်တည်ချက်ကိုလည်း ကင်ဂျုံအန်းက ထပ်လောင်းပြောကြားခဲ့သည်။ အချို့သော “အထူးသတ်မှတ်ထားသည့်နိုင်ငံ” များသည် နိုင်ငံတကာ ဥပဒေအထက်တွင် တင်စီးကာ ဗိုလ်ကျအနိုင်ကျင့်မှုကြောင့် နိုင်ငံတကာအခြေအနေ အလွန်အမင်းမတည်ငြိမ်မှု ဖြစ်စေခဲ့ကြောင်း၊ လက်ရှိရှုပ်ထွေးနေသည့် နိုင်ငံတကာအခြေအနေနှင့် ပထဝီနိုင်ငံရေး လက်တွေ့အခြေအနေကို ရှောင်လွှဲ၍ မရသလို ရှောင်လွှဲရန်လည်းမသင့်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးသည် ကြီးမားတောင့်တင်းသော အင်အားဖြင့်သာလျှင် အာမခံမှုရရှိနိုင်ကြောင်း၊ အမျိုးသားအကျိုးစီးပွားကို လက်တွေ့ကာကွယ်စောင့်ထိန်းခြင်း၊ နိုင်ငံကြွယ်ဝ၍ စစ်တပ်အင်အားတောင့်တင်းမှုကို ဖော်ဆောင်ခြင်း ရှုထောင့်မှ နိုင်ငံခြားဆက်ဆံရေးလုပ်ငန်းများကို ဦးဆောင်ဦးရွက်ပြု၍ တက်ကြွထိရောက်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ 


Ref - Xinhua

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)