ဂန့်ဂေါ၊ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလ ငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများပြည့်ဝကာ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း(ဂန့်ဂေါ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနေမျိုးသူရက စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက် များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် ပြင်ပမှဗဟုသုတရရှိစေမည့် သုတ/ရသ စာပေများကိုပါ ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုသည့်အတွက် အကျိုးအကြောင်းနှင့် အဆိုး အကောင်းများကို ဝေဖန်ပိုင်းခြားတတ်လာစေမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် “ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ”နှင့် “ လူကုန်ကူးမှုတာဆီးကာကွယ်ရေး” အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြပြီး ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင်(၇၀)စောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်း
#MNP #News




No comments:
Post a Comment