နေပြည်တော်၊ ဇွန် ၂၇
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးကို ယမန်နေ့က နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နောက်တွင် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများက ကြိုးကိုင်ခြယ်လှယ်ဆောင်ရွက်မှုများရှိသဖြင့် အခက်အခဲများအကြားမှ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း ထည့်သွင်း ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က နယ်စပ်ဒေသအများစုသည် သွားလာရန်ခက်ခဲခြင်း၊ ဆက်သွယ်မှုခက်ခဲခြင်း၊ တောတောင်ထူထပ် သည့်နေရာ၊ မြစ်ချောင်းအင်းအိုင်ပေါများသည့်ဒေသများ၊ လူဦးရေနည်းပါးသည့်နယ်မြေ၊ ဘာသာစကားကွဲပြားသည့်နေရာများဖြင့် နိုင်ငံ့ဝန်ထမ်းများ အရောက်အပေါက်နည်းပါးသည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်မှုအားနည်းခဲ့ပြီး အဆိုပါအခက်အခဲ များကို လက်နက်ကိုင်ပဋိပက္ခများကြောင့် အဆင်ပြေအောင်ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ၁၉၈၈ ခုနှစ် နိုင်ငံရေးပဋိပက္ခဖြစ်ပွားချိန်တွင် နိုင်ငံတော်အစိုးရက ထိန်းကျောင်းနိုင်မှုမရှိတော့သဖြင့် တပ်မတော်မှ နိုင်ငံတော်တာဝန်ကို မလွှဲသာမရှောင်သာ ဝင်ရောက်ထိန်းသိမ်းထမ်းဆောင်ခဲ့ရသည်ကို သမိုင်းမှတ်တမ်းများတွင် တွေ့မြင်နိုင်ကြောင်း၊ တပ်မတော်မှတာဝန်ယူပြီးနောက်ပိုင်းတွင် ပြည်သူလူထုတောင်းဆိုသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန် ဆောင်ရွက်ပေးမည်ဟု ကတိပြုပြောကြားခဲ့ပြီး တိုင်းရင်းသားအရေးကို ဖြေရှင်းနိုင် ရန်အတွက်လည်း ၁၉၈၉ ခုနှစ်တွင် ငြိမ်းချမ်းရေးဆွေးနွေးကာ အပစ်အခတ်ရပ်စဲခဲ့ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ပေးခဲ့ကြောင်း။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တပ်မတော်၏ကွပ်ကဲမှုအောက်တွင် နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းပကားအဖြစ် ဖွဲ့စည်းသိမ်းသွင်းဆောင်ရွက်ရန် လုပ်ဆောင်ခဲ့ရာ လက်ခံသည့်အဖွဲ့များရှိသကဲ့သို့ လက်မခံသည့်အဖွဲ့များလည်း ရှိကြောင်း၊ ၂၀၁၀ ပြည့်နှစ် ပထမဒီမိုကရေစီအစိုးရသက်တမ်းကာလတွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြောင်း၊ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နောက်တွင် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများက ကြိုးကိုင်ခြယ်လှယ်ဆောင်ရွက်မှုများရှိသဖြင့် အခက်အခဲများအကြားမှ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း၊ ထိုအချိန်တွင် တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းကာလတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း၊ တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းမှုမရှိသည့် ဒေသများ၌ ဖွံ့ဖြိုး တိုးတက်မှုများနောက်ကျခဲ့ရကြောင်း၊ ဗဟိုကော်မတီအနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး မိမိတို့သမိုင်းကို သိရှိအောင် ပြောကြားရခြင်းဖြစ်ကြောင်း။
မိမိတို့အစိုးရတာဝန်ယူချိန်တွင် တည်ငြိမ်အေးချမ်းသည့် ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ဆောင်ရွက်မည်၊ နိုင်ငံရေးမျှော်မှန်းချက်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ကို ခိုင်မာအောင်ဆောင်ရွက်မည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည်ဟု ပါရှိပြီးဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အကြောင်းအမျိုးမျိုး ကြောင့် နောက်ကျကျန်ခဲ့သည့်နယ်မြေများကို ဖွံ့ဖြိုးတိုးတက်မှုများ ကွာဟမှုမရှိအောင်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ အချို့နယ်မြေများသည် အစွန်အဖျားဒေသများ မဟုတ်သော်လည်း ဖွံ့ဖြိုး တိုးတက်မှုနောက်ကျနေသည့်ဒေသများလည်း ရှိကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
#MNP #News

No comments:
Post a Comment