ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အမြန်လမ်း ၁၆ မိုင်၊ ၅ ဖာလုံအနီးမှာ တည်ရှိတဲ့ အရိယာမဏ္ဍိုင်တောရရိပ် သာ တည်ထာင်သူ ကျောင်းပိုင် ကျောင်းထိုင် ဦးသူရိယရဲ့ တပည့်ဖြစ်သူ ကိုမောင်ကြီးက ဦးသူရိယရှေ့၊ ပရိသတ် များရှေ့မှာ ပါချုပ်ဆရာတော်ကြီး ဟောထားတဲ့ မဂ္ဂင်ရှစ်ပါး တရားနဲ့ နိဗ္ဗာန်ရောက်သူမရှိကြောင်း၊ သောတာပန်ဖြစ်သူ မရှိကြောင်း ငြင်းခုန်ပြောဆိုခြင်းဆိုတဲ့ ရုပ်သံဖိုင်တစ်ဖိုင် ရောက်ရှိပျံ့လာခဲ့ပါတယ်။
ပါချုပ်ဆရာတော်ကြီး ဟောထားတဲ့ မဂ္ဂင်ရှစ်ပါးတရားနဲ့ နိဗ္ဗာန်ရောက်သူမရှိကြောင်း၊ သောတာပန်ဖြစ်သူ မရှိ ကြောင်း ငြင်းခုန်ပြောဆိုခြင်းကို အရိယာမဏ္ဍိုင်တောရ ရိပ်သာမှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ပါဝင် သူများကတော့ ဦးသူရိယရယ်၊ ကိုမောင်ကြီးရယ်၊ ဗွီဒီယို ရိုက်ကူးရးသမားရယ်နဲ့ ရန်ရန်ရယ်-လို့ ၄ ဦး ပါဝင်ကြောင်း တွေ့ရပါတယ်။
ကိုမောင်ကြီးနဲ့ ဦးသူရိယတို့က ဦးသူရိယဟောတဲ့ တရားတွေ မဂ္ဂင်ရှစ်ပါးတရားတွေ တရားပြနည်းတွေကြောင့် သာတာပတ္တိမဂ်ကို လေးငါးရက်ဖြင့် ရရှိနေကြကြောင်း၊ လေးငါးရက် တရားနာရုံနဲ့တင် ငါပြုတ်သွားစေနိုင်တဲ့ နည်းလမ်းဖြစ်ကြောင်း၊ ထိထိမိမိနဲ့ ဒိုင်းကနဲ ဒိုင်းကနဲ ဉာဏ်ရောက်အောင် ပြပေးနိုင်ကြောင်း၊ သဘာဝအထိ ရောက်အောင် ပြပေးတဲ့နည်းဖြစ်ကြောင်း၊ လွယ်လွယ်နဲ့ တရားထူးရစေတဲ့ ကမ္မဋ္ဌာန်းနည်းဖြစ်ကြောင်း နာမ်ပညတ် ကို သိမ်းဆည်းကြောင်း စသည်များကို ပြောဟောတင်ပြရင်း ဝါဒဖြန့်ရန် ခွင်ထွင်ချက် ပြင်ဆင်ချက် ဖြစ်ပါတယ်။
ပါချုပ်ဆရာတော်ကြီးနဲ့ ပါချုပ်ဆရာတော်ကြီးရဲ့ မဂ္ဂင်ရှစ် ပါးတရားကို တမင်သက်သက် ကျုံးသွင်းချက် ချနင်းချက် ဖြစ်ပါတယ်။ သူတို့အတွက် အကျိုးရှိမယ့် လုပ်ရပ်လို့ သူတို့က ထင်မြင်နေကြမှာ ဖြစ်ပေမယ့် သူတို့လုပ်ရပ်က သူတို့ကို ဗုဒ္ဓသာသနာတော်ပြင်ပက အညတိတ္ထိယဝါဒီတွေ ဖြစ်ကြောင်း မိစ္ဆာဝါဒီတွေဖြစ်ကြောင်း အဓမ္မဝါဒီတွေဖြစ် ကြောင်း သက်သေခံချက် ဖြစ်လာပါတယ်။ ဦးသူရိယနဲ့ ကိုမောင်ကြီးဆိုသူ ဆရာတပည့်၂ ဦးတို့ရဲ့ ပြောချက်တွေ ဆက်လက်လေ့လာကြည့်ပါစို့ဗျား-
၂
ကိုမောင်ကြီး။ ။မဂ္ဂင်(၈)ပါးကို ဘယ်လိုရှင်းလဲ ပါချုပ်ဆရာတော်ကြီး၊ ဘယ်လိုရှင်းလဲ မဂ္ဂင် (၈) ပါး?
ရန်ရန် ။ ။ ဟော ! ပါချုပ်ဆရာတော်ကြီး နားထောင် ၊ ဟောထားတဲ့တရားတွေ အများကြီးရှိတယ်လေ ။
ကိုမောင်ကြီး။ ။ဘယ်သူရှင်းလဲ သူ့မဂ္ဂင် (၈) ပါးနဲ့ ကျင့်ရင် ရောက်မလား ?
ရန်ရန် ။ ။ဟ ! ရောက်တာပေါ့ ကျင့်ရင် ဘာလို့ မရောက်ရမှာလဲ ?
ကိုမောင်ကြီး။ ။ ဪ အဲ့ဒါကြောင့်မို့ လယ်တာလေ။
ရန်ရန် ။ ။ ဆရာတော်ကြီးတရား မဂ္ဂင် (၈) ပါးနဲ့ ကျင့် ရင် မရောက်ဘူး ! ဟာ သွားပြီ အဲ့ဒီမှာ ဘုန်းဘုန်း ရပ် လိုက်တော့ သွားပြီ။ (အနားက ဦးသူရိယကို လျှောက်၏။)
ကိုမောင်ကြီး။ ။ ပြောပြီ video လည်း ရိုက်နေတာ နားထောင် ဆရာတော်ကြီး မဂ္ဂင် (၈) ပါးဟောတာ သတိ လေးထား အာနာပါနလေးနဲ့ စိတ်ကလေး ဝင်တာ ထွက် တာ သတိလေးရှိနေတာ သမ္မဒိဋ္ဌိဖြစ်နေပြီတဲ့၊ အဲ့ဒီအပေါ် မှာ အမှန်ကြံနေတာ သမ္မာသက်ပ္ပတဲ့ ၊ အဲ့ဒီ အယူအဆ မှန်လား (လက်ညိုးထိုး၍ မာန်ပါပါဖြင့် ပြော၏။)
ရန်ရန် ။ ။ Yes ဒါဆိုရင် " ပါချုပ်ဆရာတော်ကြီး ဟောခဲ့လို့ တရားဘယ်သူမှ မရခဲ့ဘူးလား " ဖြေလိုက် ?
အဲ့ဒီ တစ်ခွန်းထဲနဲ့ ပြီးသွားပြီ ။
ကိုမောင်ကြီး ။ ။ကျွန်တော်မေးတဲ့ မေးခွန်း မဆုံး သေးဘူးလေ ခင်ဗျားက အဲ့ဒါ လူလည်လုပ်တာ ။
ရန်ရန် ။ ။လူလည်ဆို အဲ့ဒီထဲမှာ မဂ္ဂင်(၈) ပါးနဲ့ ရ ၊ မရ က ပါသွားပြီလေ။
ဦးမောင်ကြီး ။ ။ ကျွန်တော်ပြောတဲ့ဟာကိုပဲ ဆုံးအောင် ဖြေ။
ဦးသူရိယ။ ။"မဂ္ဂင် (၈) ပါးက ရတယ် ဟောတဲ့တရားကို ပြောတာ ("ဒီအဓိပ္ပါယ်က ဟောတဲ့တရားက မရနိုင်ဘူးဟု ဆိုလိုခြင်းဖြစ်မည် ထင်ပါသည်။)
ရန်ရန်။ ။ အင်းလေ ဟောတဲ့တရားနဲ့ ဘယ်သူမှ မရတော့ဘူးလား ၊ ဒါဆို ဘဖြစ်လို့ နာနေကြသေးတုံး ပါချုပ်ဆရာတော်ကြီးကို ။
ကိုမောင်ကြီး။ ။ဗဟုသုတအလို့ငှာ နာတာလေ ။
ရန်ရန် ။ ။ ဗျာ !
ကိုမောင်ကြီး။ ။ အလုပ်ပေးပါလား ?
ရန်ရန်။ ။ ဟ အကုန်ပါတာပေါ့ ပါချုပ်ဆရာတော် တရားထဲမှာ အပုဒ်နှစ်ထောင်ကျော်တောင်ရှိတယ်လေ သိလား ။
ဦးသူရိယ။ ။"အဲ့ဒီတော့ ဒကာကြီးက အနိုင်လု စကားပြောတာ "
ရန်ရန် ။ ။အနိုင်လုပြီး စကားပြောတာ မဟုတ်ဘူးလေ
ကိုမောင်ကြီး ။ ။ ခင်ဗျားစကားတွေက ဘေးလျှောက် ထွက်နေတာ တစ်ဖက်နဲ့တစ်ဖက် အတိအကျ ပြောနေ တာလေ ရမ်းတုပ်လို့ မရဘူး။
ရန်ရန်။ ။ video ရိုက်နေတာ ပါချုပ်ဆရာတော်ကြီး တရားနဲ့ တရားမရနိုင်ဘူးဆိုတော့ အဲ့ဒါဘယ်လို လုပ်ကြ မတုံး ?
ကိုမောင်ကြီး ။ ။ ကျွန်တော်က အတိအကျ ဒီတေး ပြောနေတာ ပါချုပ်ဆရာတော်ကြီးရဲ့ မဂ္ဂင် (၈)ပါးကို ကျွန်တော်နာတယ် အဲ့ဒီမဂ္ဂင် (၈) ပါးနဲ့ အားထုပ်ရင် နိဗ္ဗာန် ရောက်မလား ?
ရန်ရန်။ ။ဟာ မဂ္ဂင် (၈) ပါးဆိုမှတော့ မရဘဲ နေမလား ? လွဲနေပြီ အဲ့ဒီမှာတင် လွဲသွားပြန်ပြီ။
ဦးသူရိယ။ ။ " မဂ္ဂင် (၈) ပါးက ရတယ် ။
ကိုမောင်ကြီး။ ။ ဪ ပြောတာကိုက အကုန်နား လည်နေပြီ ပါချုပ်ဆရာတော်ကြီးဟောတဲ့ မဂ္ဂင် (၈) ပါးကို ၊ ပါချုပ်ဆရာတော်ကြီး ဟောတဲ့ မဂ္ဂင် (၈)ပါးကို နားထောင်ကြည့် ၊ " အဲ့ဒီအတိုင်းကျင့်ရင် ရမလား ?
ရန်ရန်။ ။ ဟာ ! ဆရာတော်ကြီးက မရဘဲနဲ့ ဟောတော့ မလား ?
ဦးသူရိယ။ ။"မဂ္ဂင် ( ၈ ) ပါးက လူတိုင်းဟောတယ် မဂ္ဂင် ( ၈ ) ပါးက လူတိုင်းဟောတယ် ဒကာရဲ့ "
ရန်ရန် ။ သူ့ဆရာနဲ့ သူ့သာဝကပါဆိုမှပဲ။
ကိုမောင်ကြီး ။ ။ ကျွန်တော် ဆိုလိုရင်းကို နားလည် လား ?
ရန်ရန် ။ ။ နားလည်တာပေါ့ ။
Video ရိုက်နေသူ။ ။"ကဲကဲ ရန်ရန် အဲ့ဒါလေး ခနထား လိုရင်း ကိုမောင်ကြီး ဘာပြောချင်နေတာတုံး သေချာ နားထောင် "
ကိုမောင်ကြီး။ ။ သူက အရှုပ်ထဲပဲ ပြန်ပြန်ဆွဲချနေတာ ၊
ဦးသူရိယ။ ။ ဒကာကြီးလည်း ဟောတာပဲလေ မဂ္ဂင် (၈) ပါးဟောလား ရလား မေးရမှာလေ ။(ရန်ရန်အား လက်ညိုး ထိုး၍ ပြော၏၊။)
ရန်ရန်။ ။ ဆရာတော်တောင် ထုတ်ပြောနေပြီ။
သွားပြီ ! မဂ္ဂင်(၈)ပါးဆိုတာ တစ်ပါးထဲ ထုတ်ပြောနေတယ်။
ကိုမောင်ကြီး။။ ။ အင်းလေ မဂ္ဂင် (၈) ပါး ဟောတိုင်း ရလို့လား?
ရန်ရန်။ ။ ပါချုပ်ဆရာတော်ကြီးမဂ္ဂင်။ မဂ္ဂင်ဆိုတာ တစ်ခုထဲရှိတာ။
ဦးသူရိယ။ ။"မဟုတ်ဘူး မဟုတ်ဘူး။ အဲလိုမဟုတ်ဘူး အဲ့ဒီအဓိပ္ပါယ် မဟုတ်ဘူး။ မဂ္ဂင် (၈) ပါးက လူတိုင်း ဟောတယ်။ အဲဒီအပေါ်မှာ သူတို့ ဘယ်လို (စကားစ ပြတ်သွား၏။)
ရန်ရန်။။ ။ဒါက ဘုန်းဘုန်းကြီး အလှည့်မဟုတ်ဘူးလေ
ကိုမောင်ကြီး ။ ။ရန်ရန်နဲ့ ရှင်းရင် ဘယ်တော့မှ မပြတ် ဘူးဆိုတာ သိပြီးသား ရန်ရန်က ဘယ်တော့မှ ရှုံးတာကို မလိုချင်ဘူး အမြဲတန်း အနိုင်သမားဘက်က နေတဲ့ ဗီဇ၊ အဲ့ဒီအတွက် ကျွန်တော်လုံးဝမပြောဘူး အခုဆွေးနွေးမှာက ပြောချင်တာ တစ်ခုလေးပဲ ရှိတယ်။
ရန်ရန်။ ။ရတယ် ပြော။
ကိုမောင်ကြီး။ ။ အားလုံးသော ရိပ်သာတွေကို ထား လိုက်တော့ ၊ ဒီလို ဉာဏ်ရောက်အောင် ဘယ်သူပြပေး နိုင်လဲ ထိထိမိမိနဲ့ ဒိုင်းကနဲ ဒိုင်းကနဲ ရောက်အောင်။
ရန်ရန်။ ။ကိုမောင်ကြီးကရော ရပြီလား။
ကိုမောင်ကြီး။ ။ ဟာ! ရတာပေါ့ ရလို့ ခင်ဗျားလို မဆင်းရဲတာပေါ့ ခင်ဗျားလို မလောင်တာပေါ့။ (ပြောနေပုံမှာ ဒေါသတကြီးဖြင့် ပြောနေ၏။)
ဝေဖန်ချက်
ကိုမောင်ကြီးဆိုသူက ဦးသူရိယရဲ့ တရားပြ ပုံပြနည်းတွေ ကို ထုတ်ပြကြွားဝါနေတာ ဖြစ်ပါတယ်။ ဝါဒဖြန့်ချက်တွေ ဖြစ်ပါတယ်။ "အားလုံးသော ရိပ်သာတွေကို ထားလိုက်တော့"ဆိုတဲ့စကားအရ အရိယာမဏ္ဍိုင်တောရရိပ်သာမှ တစ်ပါး အခြားရိပ်သာအားလုံးကို သိမ်းကျုံးတိုက်ခိုက် ဖြိုဖျက်ထားပါတယ်။
အရိယာမဏ္ဍိုင်တောရရိပ်သာမှ သဘာဝဓမ္မအရှင်သူရိယ အမည်ခံသူ ဦးသူရိယ တစ်ပါးတည်းကသာလျှင် သောတာ ပတ္တိမဂ်ဉာဏ်ရောက်အောင် ထိထိမိမိနဲ့ ဒိုင်းကနဲ ဒိုင်းကနဲ ပြပေးနိုင်သူ ဖြစ်တယ်လို့ ပြောထားပါတယ်။ အခြားရိပ်သာတွေမှ ဆရာတော်တွေကတော့ သောတာပတ္တိမဂ်ဉာဏ် ရောက်အောင် ထိထိမိမိနဲ့ ဒိုင်းကနဲ ဒိုင်းကနဲ ပြပေးနိုင်သူတွေ မဟုတ်ပါဘူးလို့ ပြောထားပါတယ်။
အတ္တုက္ကံသနအမှုနဲ့ ပရဝမ္ဘနအမှုကို တိုတိုကျဉ်းကျဉ်း စကားစုကလေးနဲ့ ထိထိမိမိ ကျူးလွန်ထားတာ ဖြစ်ပါ တယ်။ မာရ်မင်းရဲ့ စစ်တပ်ကြီး ၁၀ တပ်ထဲက အတ္တုက္ကံ သန-ပရဝမ္ဘန စစ်တပ်ရဲ့ တိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါ တယ်။ မာရ်မင်းရဲ့ စစ်တပ်ကြီး ၁၀ တပ်အကြောင်း လေ့ လာကြည့်စေလိုပါတယ်။ လေ့လာကြည့်ပါလို့ တိုက်တွန်း လိုက်ပါတယ်။
ဒီနေရာမှာ အရိယာမဏ္ဍိုင်တောရရိပ်သာမှ သဘာဝဓမ္မ အရှင်သူရိယ အမည်ခံသူ ဦးသူရိယရဲ့ သောတာပန် အမည်တပ်ခံရသူတွေဟာ အမှန်တကယ် ဘုရားရှင် ဟောကြားထားတဲ့ သောတာပန်တွေ ဟုတ်/မဟုတ် စိစစ် ကြည့်တတ်ဖို့ လိုပါတယ်။ ဘုရားရှင် ဟောကြားထားတဲ့ သောတာပန်တွေဆိုတာ ဒီလိုရှိပါတယ်လို့ သိထားဖို့အ တွက် ဖော်ထုတ်ကူးယူတင်ပြပေးလိုက်ပါရစေ။
၂-ပဌမ သောတာပန္နသုတ်
၄၇၂။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့တည်း။
ရဟန်းတို့ အကြင်အခါ အရိယာတပည့်သည် ဤဣန္ဒြေ ငါးပါးတို့၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်း ကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန် စွာ သိ၏။ ထိုအခါ ဤအရိယာတပည့်ကို အပါယ်သို့ ကျ ခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံး ပါးလျှင်လဲလျောင်းရာရှိသော သောတာပန်ဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။ (သံ၊ ၅၊ ၁ရဝ)
၃-ဒုတိယ သောတာပန္နသုတ်
၄၇၃။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့တည်း။
ရဟန်းတို့ အကြင်အခါ အရိယာတပည့်သည် ဤဣန္ဒြေ ငါးပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်း ကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်း ကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန် စွာ သိ၏။ ထိုအခါ ဤအရိယာတပည့်ကို အပါယ်သို့ ကျ ခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါး လျှင် လဲလျောင်းရာရှိသော သောတာပန်ဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။ (သံ၊ ၅၊ ၁ရဝ)
မှတ်ချက်။ ။အထက်ပါ ပါဠိတော်အရ သောတာပန်ပုဂ္ဂိုလ် ဖြစ်ရင် ဣန္ဒြေငါးပါးစသည်တို့ရဲ့ ဖြစ်ခြင်းစသည်တို့ကို ဟုတ်တိုင်းမှန်စွာ သိကြောင်း တွေ့ရပါတယ်။ သောတာ ပန် ဖြစ်ရင် အပါယ်တံခါးပိတ်ပြီဆိုတဲ့စကား ဒီသုတ္တန်တွေ ထဲက လာတာပါ။
ကောသမ္ဗိယသုတ် (ကောက်နုတ်ချက်)
၄၉၃။ ရဟန်းတို့ အဘယ်သို့လျှင် ဝဋ်မှထုတ်ဆောင်တတ် သည့် ဖြူစင်သော ဤအယူသည် ထိုအတိုင်းပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲ ကုန်ရန် ဖြစ်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ် ၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ ကပ်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ ကပ်၍ဖြစ်စေ ယင်းထကြွမှုမျိုးဖြင့် ထကြွသောစိတ် ရှိသည် ဖြစ်၍ ဟုတ်တိုင်းမှန်စွာ ငါ မသိနိုင် မမြင်နိုင်လောက်သော အတွင်းသန္တာန်၌ မပယ်ရသေးသော ထကြွမှုမျိုးသည် ငါ့ အား ရှိသေးသလောဟု ဆင်ခြင်၏။
ရဟန်းတို့ အကယ်၍ ရဟန်းသည် ကာမဂုဏ်တပ်မက်မှု 'ကာမရာဂ ထကြွသည် ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ဖျက်ဆီးလိုမှု 'ဗျာပါဒ' ထကြွသည် ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'ထကြွသည် ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ပျံ့လွင့်မှု 'ဥဒ္ဓစ္စ' နောင်တပူပန်မှု 'ကုက္ကုစ္စ' ထကြွသည် ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် တွေးတော ယုံမှားမှု 'ဝိစိကိစ္ဆာ' ထကြွသည် ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။
အကယ်၍ ရဟန်းသည် ဤမျက်မှောက်လောကကို ကြံ စည်ခြင်း၌ လေ့လာသည် ဖြစ်မူ ထကြွသော စိတ်ရှိသည် သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် တမလွန်လောကကို ကြံစည်ခြင်း၌ လေ့လာသည် ဖြစ်မူ ထကြွသောစိတ်ရှိသည် သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ငြင်းခုံခိုက်ရန်ဖြစ် သည် ဖြစ်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေမူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။
ထိုရဟန်းသည် ''ယင်းထကြွမှုမျိုးဖြင့် ထကြွသောစိတ်ရှိ သည် ဖြစ်၍ ဟုတ်တိုင်းမှန်စွာ ငါ မသိနိုင်မမြင်နိုင် လောက်သော အတွင်းသန္တာန်၌ မပယ်ရသေးသော ထကြွ မှုမျိုးသည် ငါ့အား မရှိ၊ သစ္စာတို့ကို သိရန် ငါသည် စိတ်ကို ကောင်းစွာ ထားပြီးပြီ'' ဟု သိ၏။ ထိုရဟန်းသည် လောက မှ့ လွန်မြောက်၍ ပုထုဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင် သော ဤပဌမ(ပစ္စဝေက္ခဏာ)ဉာဏ်ကို ရပြီ။
မှတ်ချက်။ ။သောတာပန်အစစ်ဖြစ်ရင် မိမိမှာ ကိလေသာ ဖြစ်တာကို ကိလေသာဖြစ်မှန်း သိပါတယ်။ သိတော့ ဖြစ် ပြီးတာနဲ့ ရပ်တံ့သွားပါတယ်။ ပုထုဇဉ်တွေကတော့ မိမိမှာ ကိလေသာ ဖြစ်တာကို ကိလေသာဖြစ်မှန်း မသိပါ။ ဆက်ပြီးတော့ ပွားနေတတ်ပါတယ်။
၄၉၄။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် ''ငါသည် ဤအယူကို မှီဝဲ၍ ပွားစေ ၍ များစွာပြု၍ မိမိစိတ်ငြိမ်သက်ခြင်းကို ရသလော၊ မိမိ စိတ်ငြိမ်းအေးခြင်းကို ရသလော''ဟု ဆင်ခြင်၏။ ထို တပည့်သာဝကသည် ''ငါသည် ဤအယူကို မှီဝဲပွားစေ၍ များစွာပြု၍ မိမိစိတ်ငြိမ်သက်ခြင်းကို ရ၏၊ မိမိ စိတ်ငြိမ်း အေးခြင်းကို ရ၏''ဟု သိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ ပုထုဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤဒုတိယ(ပစ္စဝေက္ခဏာ)ဉာဏ်ကို ရ၏။
မှတ်ချက်။ ။သောတာပန်အစစ်ဖြစ်ရင် စိတ်ကို ငြိမ်သက် အောင် ထားနိုင်ပါတယ်။ ငြိမ်းအေးအောင် ထားနိုင်ပါ တယ်။ ပုထုဇဉ်တွေကတော့ စိတ်ကို ပူနေအောင် ရန်ရှာ နေတတ်ပါတယ်။
၄၉၅။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် ''ဤသာသနာတော်မှအပ၌ ငါပြည့်စုံနေသော အယူအမျိုးအစားနှင့် ပြည့်စုံသည့် တစ်ပါးသော သမဏဖြစ်စေ၊ ဗြာဟ္မဏဖြစ်စေ ရှိသေးသလော'' ဟု ဆင် ခြင်၏။ ထိုတပည့်သာဝကသည် ''ဤသာသနာတော်မှ အပ၌ ငါပြည့်စုံနေသော အယူအမျိုးအစားနှင့် ပြည့်စုံသည့် တစ်ပါးသော သမဏဖြစ်စေ၊ ဗြာဟ္မဏဖြစ်စေ မရှိ''ဟု သိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ ပုထုဇ္ဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤတတိယ (ပစ္စဝေက္ခဏာ)ဉာဏ်ကို ရ၏။
မှတ်ချက်။ ။သောတာပန်အစစ်ဖြစ်ရင် ဘုရားရှင် ဟော ထားနည်းမှ တစ်ပါး အခြားနည်းနဲ့ သောတာပန်ဖြစ်တာ မရှိဘူးလို့ သေချာသိပါတယ်။
၄၉၆။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် ''အယူနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်သည် ပြည့်စုံနေသော ထုံးတမ်းစဉ်လာ အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏''ဟု ဆင်ခြင်၏။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အဘယ်သို့ သဘောရှိသော ထုံးတမ်းစဉ်လာ နှင့် ပြည့်စုံသနည်း။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အာပတ်မှ ထနိုင်ကောင်းသော အာပတ်မျိုးသို့ ရောက်စေကာမူ ထိုအာပတ်ကို လျင်မြန်စွာပင် မြတ်စွာ ဘုရားထံ၌ဖြစ်စေ၊ ပညာရှိသီတင်းသုံးဖော်တို့ထံ၌ဖြစ်စေ (ဒေသနာ) ကြား၏၊ ဖော်ပြ၏၊ ပေါ်လွင်အောင် ပြု၏၊ (ဒေသနာ) ကြားပြီး၍ ဖော်ပြပြီး၍ ပေါ်လွင်အောင် ပြုပြီး၍ နောင်အခါ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ဤသည်ကား အယူနှင့် ပြည့်စုံသောပုဂ္ဂိုလ်၏ ထုံးတမ်းစဉ်လာတည်း။
ရဟန်းတို့ ပက်လက်အိပ်အရွယ်ဖြစ်သော ကလေးသူငယ် လူမမယ်သည် လက်ဖြင့်ဖြစ်စေ၊ ခြေဖြင့်ဖြစ်စေ မီးကျီးခဲကို ထိလျှင် လျင်မြန်စွာပင် ပြန်ရုတ်သကဲ့သို့ ဤအတူပင် အာ ပတ်မှ ထနိုင်ကောင်းသော အာပတ်မျိုးသို့ ရောက်စေကာမူ ထိုအာပတ်ကို လျင်မြန်စွာပင် မြတ်စွာဘုရားထံ၌ဖြစ်စေ၊ ပညာရှိသီတင်းသုံးဖော်တို့ထံ၌ဖြစ်စေ (ဒေသနာ) ကြား၏၊ ဖော်ပြ၏၊ ပေါ်လွင်အောင် ပြု၏၊ (ဒေသနာ) ကြားပြီး၍ ဖော်ပြပြီး၍ ပေါ်လွင်အောင် ပြုပြီး၍ နောင်အခါ၌ စောင့် စည်းခြင်းသို့ ရောက်၏။ ဤသည်ကား အယူနှင့်ပြည့်စုံ သော ပုဂ္ဂိုလ်၏ ထုံးတမ်းစဉ်လာတည်း။ ထိုတပည့်သာဝ ကသည် ''အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် ပြည့်စုံနေ သော ထုံးတမ်းစဉ်လာ အမျိုးအစားနှင့် ငါလည်း ပြည့်စုံ ၏'' ဟု သိ၏။ ထိုတပည့်သာဝကသည်လောကမှ လွန် မြောက်၍ ပုထုဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤစတုတ္ထ(ပစ္စဝေက္ခဏာ)ဉာဏ်ကိုရ၏။
မှတ်ချက်။ ။သောတာပန်အစစ်ဖြစ်ရင် မိမိအပြစ်ကို လျင် မြန်စွာ ကုစားတတ်ပါတယ်။ ပုထုဇဉ်တွေကတော့ အပြစ် မှန်း မသိ။ ကုစားရမှန်း မသိ။
၄၉၇။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် ''အယူနှင့် ပြည့်စုံနေသည့် ပုဂ္ဂိုလ် သည် ပြည့်စုံနေသော ထုံးတမ်းစဉ်လာ အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏''ဟု ဆင်ခြင်၏။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အဘယ်သို့ သဘောရှိသော ထုံးတမ်းစဉ်လာနှင့် ပြည့်စုံသနည်း။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် သီတင်းသုံးဖော်တို့၏ ထိုထို ဤဤ အမှုကြီးငယ်တို့၌ ကြောင့်ကြစိုက်နေစေကာမူ မြင့်မြတ်သော ကိုယ်ကျင့်သီလလေ့ကျင့်ခန်း 'အဓိသီလ သိက္ခာ'၊ မြင့်မြတ်သော စိတ်လေ့ကျင့်ခန်း 'အဓိစိတ္တ သိက္ခာ'၊ မြင့်မြတ်သော ပညာလေ့ကျင့်ခန်း 'အဓိပညာ သိက္ခာ' ၌ အလွန် ငဲ့ကွက်ခြင်းရှိ၏။ ဤသည်ကား အယူ နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ ထုံးတမ်းစဉ်လာပင်တည်း။
ရဟန်းတို့ သားငယ်ရှိသော နွားမသည် မြက်ကိုလည်း ဆွဲ စား၏၊ နွားငယ်ကိုလည်း စောင့်ငဲ့ကြည့်ရှုသကဲ့သို့၊ ဤအတူ ပင် အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် သီတင်းသုံးဖော် တို့၏ ထိုထိုဤဤ အမှုကြီးငယ်တို့၌ ကြောင့်ကြစိုက်နေ စေကာမူ မြင့်မြတ်သော ကိုယ်ကျင့်သီလလေ့ကျင့်ခန်း 'အဓိသီလသိက္ခာ'၊ မြင့်မြတ်သောစိတ် လေ့ကျင့်ခန်း 'အဓိ စိတ္တသိက္ခာ'၊ မြင့်မြတ်သော ပညာလေ့ကျင့်ခန်း 'အဓိပညာ သိက္ခာ'၌ အလွန် ငဲ့ကွက်ခြင်းရှိ၏။ ဤသည်ကား အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ ထုံးတမ်းစဉ်လာပင်တည်း။
ထိုတပည့်သာဝကသည် ''အယူနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ် သည် ပြည့်စုံနေသော ထုံးတမ်းစဉ်လာ အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏''ဟု သိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ ပုထုဇဉ်တို့နှင့် မဆက်ဆံသည့် မြတ်သော ဤပဉ္စမ(ပစ္စဝေက္ခဏာ)ဉာဏ်ကို ရ၏။
မှတ်ချက်။ ။သောတာပန်အစစ်ဖြစ်ရင် မိမိရဲ့ သိက္ခာသုံးပါး ပြည့်စုံရေးအတွက် အမြဲ ကြောင့်ကြစိုက်နေတတ်ပါတယ်။
သောတာပန်အတုတွေကတော့ သူတစ်ပါးတို့ကို သောတာ ပန် ဖြစ်အောင် ဟောပေးမယ် ပြောပေးမယ်လို့ လိမ်လည် ရင်း သူတစ်ပါးတို့အတွက် ကြောင့်ကြစိုက်နေတတ်ပါ တယ်။ အမှန်ကတော့ သူတို့အတွက် လာဘ်လာဘတွေ ရရှိရေး အမြဲ ကြောင့်ကြစိုက်နေတတ်ပါတယ်။
၄၉၈။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် ''အယူနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်သည် ပြည့်စုံနေသောအား အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏'' ဟု ဆင်ခြင်၏။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ် သည် အဘယ်သို့သဘောရှိသော အားနှင့် ပြည့်စုံသနည်း။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မြတ်စွာ ဘုရား ဟောကြားထားသော ဓမ္မဝိနယကို ဟောကြားလတ်
သော် အလိုရှိသည်ကို ပြု၍ နှလုံးသွင်း၍ အလုံးစုံသော စိတ်ဖြင့် မှတ်သား၍ နားစိုက်လျက် တရားကို နာ၏။ ဤ သည်ကား အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ အားတည်း။ ထိုတပည့်သာဝကသည် ''အယူနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ် သည် ပြည့်စုံနေသော စွမ်းအား အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏''ဟု သိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ ပုထုဇ္ဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤဆဋ္ဌ(ပစ္စဝေက္ခဏာ)ဉာဏ်ကို ရ၏။
မှတ်ချက်။ ။သောတာပန်အစစ်ဖြစ်ရင် ဘုရားဟောတရား နာယူခွင့်ရရှိရေး အလေးထားတတ်ပါတယ်။ သောတာပန် အတုတွေကတော့ စာတွေ လာမပြောနဲ့၊ စာတွေ့တွေ လာ မပြောနဲ့လို့ တားမြစ်ရင်း နားပိတ်ထားတတ်ပါတယ်။
၄၉၉။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် ''အယူနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်သည် ပြည့်စုံနေသော အားအမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏'' ဟု ဆင်ခြင်၏။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ် သည် အဘယ်သို့သဘောရှိသော အားနှင့် ပြည့်စုံသနည်း။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မြတ်စွာ ဘုရား ဟောထားသော ဓမ္မဝိနယကို ဟောကြားလတ်သော် အနက်အဓိပ္ပါယ်နားလည်မှုကို ရ၏၊ စကားနားလည်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏။ ဤသည် ကား အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ အားတည်း။ ထို တပည့်သာဝကသည် ''အယူနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်သည် ပြည့်စုံနေသော အားနှင့် ငါလည်း ပြည့်စုံ၏''ဟု သိ၏။ ထို တပည့်သာဝကသည် လောကမှ လွန်မြောက်၍ ပုထုဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤသတ္တမ(ပစ္စဝေက္ခ ဏာ)ဉာဏ်ကို ရ၏။
မှတ်ချက်။ ။သောတာပန်အစစ်ဖြစ်ရင် ဘုရားဟောတရား တွေရဲ့ အနက်အဓိပ္ပါယ်မများ နားလည်လွယ်ပါတယ်။ သောတာပန်အတုတွေမှာတော့ ဘုရားဟောတရား တွေရဲ့ အနက်အဓိပ္ပါယ်မများ နားလည်နိုင်စွမ်း ကင်းမဲ့လေ့ရှိပါ တယ်။
၅၀၀။ ရဟန်းတို့ ဤသို့ အင်္ဂါခုနစ်ပါးတို့နှင့် ပြည့်စုံသော မြတ်စွာဘုရား၏ တပည့်သာဝကသည် သောတာပတ္တိဖိုလ် ကို မျက်မှောက်ပြုသောအားဖြင့် ထုံးတမ်းစဉ်လာကို ကောင်းစွာ စူးစမ်းပြီးပြီ။
ရဟန်းတို့ ဤသို့ အင်္ဂါခုနစ်ပါးတို့နှင့်ပြည့်စုံသော မြတ်စွာ ဘုရား၏ တပည့်သာဝကသည် သောတာပတ္တိဖိုလ်နှင့် ပြည့် စုံသူ ဖြစ်၏ဟု ဤတရားစကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏။ ရှစ်ခုမြောက် ကောသမ္ဗိယသုတ်ပြီး၏။
(မ၊ ၁၊ ၃၉၅)
ရတနသုတ် (ပရိတ်ကြီး ၁၁ သုတ်ထဲက)
၈။ မြေ၌ စိုက်ထူအပ်သော တံခါးတိုင်သည် အရပ်လေးမျက်နှာတို့မှ လာ သော လေတို့ကြောင့် မတုန်လှုပ်သကဲ့ သို့ အရိယသစ္စာတို့ကို ပညာဖြင့် သက်ဝင်၍ မြင်သော သောတာပန်ပုဂ္ဂိုလ်ကို ထိုတံခါးတိုင်နှင့် တူ၏ဟု ငါဆို၏။
သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။
ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၉။ အကြင်(သောတာပန်)ပုဂ္ဂိုလ်တို့သည် နက်နဲသော ဉာဏ်ပညာရှိသော မြတ်စွာဘုရား ကောင်းစွာ ဟောကြား အပ်သော အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုကုန်၏။
ထိုပုဂ္ဂိုလ်တို့သည် ပြင်းထန်စွာ မေ့လျော့ကြစေကာမူ ရှစ်ကြိမ်မြောက်ဘဝကို မယူကုန်။
သံဃာဟူသော ဤရတနာသည် လည်း အမြတ်ဆုံး ဖြစ်၏။
ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသ တည်း။
၁၀။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ်ကို ရသည်နှင့် တစ်ပြိုင်နက်သာလျှင် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတ ပရာမာသ၊ ဤတရားသုံးပါးတို့ကို ပယ်စွန့်အပ်ကုန်၏။
ကိလေသာ စိုးစဉ်းမျှ ရှိစေကာမူ-
၁၁။ အပါယ်လေးပါးတို့မှ လွတ်၏။(အာနန္တရိကကံ ငါးပါး နှင့် နိယတမိစ္ဆာဒိဋ္ဌိဟူသော) ခြောက်ပါးသော တရားတို့ကို မပြုတော့ပြီ။
သံဃာဟူသော ဤရတနာသည် လည်း အမြတ်ဆုံး ဖြစ်၏။
ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသ တည်း။
၁၂။ ထို(သောတာပန်)ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်လည်း ကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကံကို ပြုစေကာမူ ထိုမိမိပြုသော မကောင်းမှု ကို မဖုံးလွှမ်းတော့ပြီ။
နိဗ္ဗာန်ကို မြင်ပြီးသော (သောတာပန်)ပုဂ္ဂိုလ်၏ ဖုံးလွှမ်း ခြင်း မပြုတော့သည့်အဖြစ်ကို (မြတ်စွာဘုရား) ဟောအပ် ၏။
သံဃာဟူသော ဤရတနာသည် လည်း အမြတ်ဆုံး ဖြစ်၏။
ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (ခု၊ ၁၊ ၆)
-အာနိသံသသုတ်
၉၇။ ရဟန်းတို့ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်း ၏ အကျိုးတို့သည် ဤခြောက်မျိုးတို့တည်း
အဘယ်ခြောက်မျိုးတို့နည်းဟူမူ-
သူတော်ကောင်းတရား၌ မြဲ၏၊
မဆုတ်ယုတ်သော သဘောရှိ၏၊
ထို(သောတာပန်ပုဂ္ဂိုလ်)၏ ဆင်းရဲသည် အပိုင်းအခြားကို ပြုပြီးဖြစ်၏၊
(ပုထုဇဉ်တို့နှင့်) မဆက်ဆံသော အရိယမဂ်ဉာဏ်နှင့် ပြည့်စုံ၏၊
ထို(သောတာပန်)ပုဂ္ဂိုလ်သည် အကြောင်းကိုလည်း ကောင်းစွာမြင်၏၊
အကြောင်းကြောင့် ဖြစ်သော အကျိုးတရားတို့ကိုလည်း ကောင်းစွာ မြင်၏။
ရဟန်းတို့ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်း၏ အကျိုးတို့သည် ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ ၏)။ ဒုတိယသုတ်။ (အံ၊ ၂၊ ၃၈၄)
အထက်ပါ သောတာပန်ပုဂ္ဂိုလ်ရဲ့ ဂုဏ်ရည်များ၊ အရည်အချင်းများကို သိရပြီဆိုတော့ အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယနဲ့ တပည့်တွေက ပြောဟောနေတဲ့ သောတာပန်တွေဆိုတာ သောတာပန်အတုတွေ ဖြစ်ကြောင်း သိနိုင်မယ်ထင်ပါတယ်။
သဒ္ဒါနည်း အဋ္ဌကထာနည်း ဋီကာနည်းအရ စစ်ပြရရင် သောတာပန်ဆိုတာ သောတာပန္နဆိုတဲ့ ပါဠိဘာသာစကား မှ အသတ်တင်ပြီး မြန်မာဘာသာစကားအဖြစ် ယူမွေးထား တဲ့ ပါဠိသက် မြန်မာစကားလုံး ဖြစ်ပါတယ်။ အနက် အဓိပ္ပါယ် ယူမယ်ဆိုရင် သောတာပန္နရဲ့ အနက်အဓိပ္ပါယ် အတိုင်း ယူရမှာ ဖြစ်ပါတယ်။
သောတာပန္နဆိုတာ သောတ+အာပန္န။ အာပန္နဆိုတာ အာ+ပန္န။ စီးဆင်းနေတဲ့ ရေအလျဉ်ကို သောတလို့ ခေါ်ပါ တယ်။ မုချနည်း မုချအနက်။ စီးဆင်းနေတဲ့ ရေအလျဉ်ဟာ မြစ်ငယ်မှ မြစ်ကြီးသို့ စီးဆင်းသက်ဝင်သွားလေ့ရှိပြီး မြစ် ကြီးမှ သမုဒ္ဒရာကြီးထဲ စီးဝင်သွားလေ့ရှိပါတယ်။ အဲဒီ သဘောကို မုချအားဖြင့် သောတလို့ ခေါ်ပါတယ်။
သောတာပန္နမှာ ပါတဲ့ သောတက ဘာလဲဆိုရင် လော ကုတ္တရာမဂ်စိတ်လို့ ခေါ်တဲ့ အရိယမဂ်စိတ် ဖြစ်ပေါ်ချိန် ဖြစ်ပေါ်ဆဲမှာ အတူတူ ယှဉ်တွဲဖြစ်ပေါ်လာတဲ့ သမ္မာဒိဋ္ဌိ ဦးဆောင်တဲ့ အရိယမဂ္ဂင် ရှစ်ပါး တရားစုကို သောတလို့ ခေါ်ပါတယ်။ အရိယသောတလို့ ခေါ်ပါတယ်။ စီးဆင်းနေတဲ့ ရေအလျဉ်ဟာ သမုဒ္ဒရာကြီးထဲ စီးဝင်သွား လေ့ရှိသကဲ့သို့ သမ္မာဒိဋ္ဌိ ဦးဆောင်တဲ့ အရိယမဂ္ဂင် ရှစ်ပါး တရားစုဟာ နိဗ္ဗာန်သို့ သက်ဝင်ရောက်ရှိသွားပါတယ်။ ဒါ ကို ဥပမာပြုပြီးတော့ သမ္မာဒိဋ္ဌိ ဦးဆောင်တဲ့ အရိယမဂ္ဂင် ရှစ်ပါး တရားစုကို စီးဆင်းနေတဲ့ ရေအလျဉ်နှင့် တူခြင်း ကြောင့် သောတလို့ ခေါ်ပါတယ်။
အာပန္နမှာ အာဆိုတာက ရှေးဦးစွာလို့ အဓိပ္ပါယ်ရှိပါတယ်။ ပထမဆုံးလို့ ပြောနိုင်ပါတယ်။ နံပါတ် ၁ လို့ ပြောနိုင်ပါ တယ်။ ပန္နဆိုတာက ရောက်ပြီးတဲ့ပုဂ္ဂိုလ်လို့ အဓိပ္ပါယ်ရှိပါ တယ်။ အာပန္နဆိုရင် ရှေးဦးစွာလို့ ရောက်ပြီးတဲ့ပုဂ္ဂိုလ်လို့ ယူရပါ့မယ်။ ပထမဆုံး ရောက်ပြီးတဲ့ပုဂ္ဂိုလ်လို့ ယူရပါ့မယ်။
နံပါတ် ၁ အနေနဲ့ ရောက်ပြီးတဲ့ပုဂ္ဂိုလ်လို့ ယူရပါမယ်။
ဘယ်ကို ရှေးဦးစွာလို့ ရောက်တာတုံး၊ ဘယ်ကို ပထမဆုံး ရောက်တာတုံး၊ ဘယ်ကို နံပါတ် ၁ အနေဖြင့် ရောက်တာ တုံးလို့ မေးရင် သောတသို့ ဝါ အရိယသောတသို့ ရှေးဦး စွာ ရောက်တာပါ။ သောတသို့ ဝါ အရိယသောတသို့ ပထမ ဆုံး ရောက်တာပါ။ သောတသို့ ဝါ အရိယသောတသို့ နံပါတ် ၁ အနေနဲ့ ရောက်တာပါ။
မြန်မာလိုသက်သက် ရွေးဖတ်ကြည့်ရင် နိဗ္ဗာန်သို့ သက်ဝင်
ရောက်ရှိသွားတဲ့ သမ္မာဒိဋ္ဌိ ဦးဆောင်တဲ့ အရိယမဂ္ဂင်ရှစ်ပါး တရားစုသို့ ရှးဦးစွာ ရောက်ခဲ့ပြီးတဲ့ပုဂ္ဂိုလ်ကို သောတာပန် လို့ ခေါ်ပါတယ်။ သောတာပန်ဆိုတာ အရိယာပုဂ္ဂိုလ် ၈ ယောက်ထဲမှ ဒုတိယဖြစ်တဲ့ သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ အာပန္န=ရှေးဦးစွာ ရောက်ခဲ့ပြီး- လုံး အတိတ်ကာလပြစကားလုံးနဲ့ သုံးထားတာ ဖြစ်ပါ တယ်။
၁။ နိဗ္ဗာန်သို့ သက်ဝင်ရောက်ရှိသွားတဲ့ သမ္မာဒိဋ္ဌိ ဦးဆောင် တဲ့ အရိယမဂ္ဂင်ရှစ်ပါး တရားစုသို့ ရှးဦးစွာ ရောက်ဆဲ ရောက်ခိုက် ရောက်နေတဲ့ပုဂ္ဂိုလ်ဆိုရင် သောတာပတ္တိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ဖြစ်ပါတယ်။
၂။ နိဗ္ဗာန်သို့ သက်ဝင်ရောက်ရှိသွားတဲ့ သမ္မာဒိဋ္ဌိ ဦးဆောင် တဲ့ အရိယမဂ္ဂင်ရှစ်ပါး တရားစုသို့ ရှးဦးစွာ ရောက်ခဲ့ပြီးတဲ့ ပုဂ္ဂိုလ်ဆိုရင် သောတာပတ္တိ ဖလဋ္ဌာန်ပုဂ္ဂိုလ် ဖြစ်ပါတယ်။
နံပါတ် ၂ ကို သောတာပန်လို့ ခေါ်တာပါ။
ပြန်ချုပ်ပြီး ဝေဖန်သုံးသပ်ပြရရင်တော့ ပါချုပ်ဆရာတော် ကြီး ဟောကြားတဲ့ မဂ္ဂင်ရှစ်ပါးတရားကြောင့် နိဗ္ဗာန်ရောက် သူ မရှိဘူး၊ သောတာပန်ဖြစ်သူ မရှိဘူးလို့ ပြောဆိုထားသူ အရိယာမဏ္ဍိုင်တောရရိပ်သာ သဘာဝဓမ္မအရှင်သူရိယ အမည်ခံသူ ဦးသူရိယနဲ့ တပည့်ဖြစ်သူ ကိုမောင်ကြီးဆိုသူ တို့ရဲ့ ပါချုပ်ဆရာတော် ကြီး ဟောကြားတဲ့ မဂ္ဂင်ရှစ်ပါး တရားကြောင့် နိဗ္ဗာန်ရောက်သူ မရှိဘူး၊ သောတာပန်ဖြစ်သူ မရှိဘူးလို့ ပြောဆိုချက်ဟာ အရိယာမဏ္ဍိုင်တောရရိပ်သာ သဘာဝဓမ္မအရှင်သူရိယ အမည်ခံသူ ဦးသူရိယနဲ့ တပည့် ဖြစ်သူ ကိုမောင်ကြီးဆိုသူတို့ရဲ့ အလွန်ကြီးလေးတဲ့ အမှားကြီး ဖြစ်ပါတယ်။
အောင်မြိုင်(မစိုးရိမ်စာသင်သား)
7-11-2023




No comments:
Post a Comment