ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနဲ့ ပြည်သူများကြားမှာ အစဉ်အမြဲဆိုသလို အဆင်မပြေမှုတွေ ရှိပါတယ်။ အကြောင်းကတော့ ပြည်သူများကလည်း ယာဉ်စည်းကမ်း၊ လမ်းစဉ်းကမ်း လိုက်နာမှု အားနည်းသလို ဥပဒေပိုင်းနဲ့ ပတ်သက်လို့ သိရှိနားလည်မှု ပိုပြီး အားနည်းပါတယ်။ ယာဉ်ထိန်းရဲအများစုကလည်း နားမလည်တဲ့ ပြည်သူများကို အသိပညာပေးလိုခြင်းထက် ဒုက္ခပေးလိုခြင်းက လွန်းကဲနေတယ်။ အမှားတစ်စုံတစ်ခု ကျူးလွန်ပြီဆိုတာနဲ့ ပြည်သူဆီက ငွေဘယ်လိုညှစ်လို့ရမလဲ၊ ဥပဒေပုဒ်မတွေနဲ့ ခြောက်လှန့်ပြီး ငွေညှစ်တာမျိုးတွေ၊ လမ်းဟောင်းမှာဆိုရင်လည်း ကုန်တင်ကားကြီးတွေကို တားပြီး တောင်းနေတာတွေကို ပြည်သူတွေက မြင်နေတွေ့နေကြတဲ့အခါကြတော့ ယာဉ်ထိန်းရဲများကို ပြည်သူများထံက ဂုပ်သွေးစုပ်နေသူများလို့ပဲ ထင်မှတ်ကြပါတယ်။
သို့သော် ယာဉ်ထိန်းရဲများသည်လည်း နိုင်ငံဝန်ထမ်းများပဲ ဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်း ဖြစ်သည့်အလျှောက် ပြည်သူများကောင်းကျိုးအတွက် ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည်နှင့်အညီ တာဝန်ထမ်းဆောင်နေကြသူတွေလည်း ရှိပါတယ်။ ရန်ကုန်မြို့ပေါ်မျာ အများပြည်သူလေးစားတဲ့ ယာဉ်ထိန်းတစ်ယောက် ရှိခဲ့ဖူးပါတယ်။ လင့်ခ်လမ်းဆုံမှာ တာဝန်ကျတဲ့ တပ်ကြပ်ခင်မြင့်မောင် ကို ကားဒရိုင်ဘာများက လေးစားချစ်ခင်ကြပါတယ်။ ပြည်သူများရဲ့ လေးစားချစ်ခင်မှု ရရှိသွားတဲ့အခါ သူ့ကို ဆုတွေချီးမြှင့်တာမျိုးလည်း ရရှိခဲ့ပါတယ်။ ရာထူးတိုးမြှင့်ပေးခြင်းလည်း ခံခဲ့ရပါတယ်။ သူကြတော့လည်း တမျိုးပါပဲ။ သူက မတောင်းဘဲနဲ့ကို ကားဒရိုင်ဘာတွေက သူ့ကို လက်ဖက်ရည်ဖိုး ဘာညာ ပေးသွားကြတာမျိုးပါ။ သူလမ်းရှင်းပေးနေရာ အနီးမှာ ရှိတဲ့ သုံးထောင့်ကျွန်းလေးပေါ်မှာဆိုရင် ပိုက်ဆံတွေကို မြင်တွေ့ရတတ်ပါတယ်။ သူကတော့ ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ သူ့တာဝန်ကို အပြုံးမပျက် တာဝန်ထမ်းဆောင်နေတာဖြစ်လို့ တွေ့မြင်ရသူတိုင်း ကျေနပ်ပီတိဖြစ်စရာပါ။
ယခုနောက်ပိုင်းမှာတော့ လူမှုကွန်ရက်စာမျက်နှာမှာ အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (စစ်ကိုင်း)မှ ဒုတိယရဲမှူး ကျော်စိုးလွင် ရဲ့ ဆောင်ရွက်ချက်တွေကို ဝမ်းမြောက် ပီတိဖြစ်ဖွယ်ရာ မြင်တွေ့ရပါတယ်။ သူ့ရဲ့ဆောင်ရွက်ချက် မှတ်တမ်းတွေကိုလည်း နေ့စဉ်လူမှုကွန်ရက်မှာ မြင်တွေ့နိုင်ပါတယ်။
စစ်ကိုင်းလိုဒေသမျိုးဟာ သွားရေးလာရေးအတွက် အဓိက ကား၊ ဆိုင်ကယ်တွေကိုသာ အသုံးပြုကြရတာ ဖြစ်ပါတယ်။ အခြေခံလူတန်းစားများကတော့ ဆိုင်ကယ်သာ အသုံးများကြပါတယ်။ အချို့ ဆရာတော်သံဃာတော်များလည်း ဆိုင်ကယ်နဲ့ သွားလာနေကြရပါတယ်။ ဦးကျော်စိုးလွင်က ဆိုင်ကယ်စီးသူများ ဦးထုပ်မဆောင်းရင် တားဆီးစစ်ဆေးတယ်။ ပညာပေးတယ်။ ဦးထုပ်ပါ ပေးပါသေးတယ်။ အဲဒီ လိုပေးထားရဲ့သားနဲ့မှ မဆောင်းဘူးဆိုရင်တော့ ဒဏ်ရိုက်မယ်လို့ ပြောလိုက်ပါတယ်။ ဆရာတော် သံဃာတော်များ ဆိုင်ကယ်စီးလာတဲ့အခါ သူနဲ့တွေ့ရင် ရိုသေစွာပဲ လက်အုပ်ချီပြီး ဆရာတော်များ ကျောင်းသားကိုသာ မောင်းခိုင်းဖို့၊ မဖြစ်မနေ ကိုယ်တိုင်မောင်းရတာဆိုရင်လည်း ဦးထုပ်ဆောင်းဖို့ ရိုသေစွာ လျှောက်ထားတာကို တွေ့ရပါတယ်။
အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ရုံးမှာလည်း အသိပညာပေးလုပ်ငန်းတွေ စဉ်ဆက်မပြတ် လုပ်ဆောင်တာမျိုး တွေ့ရသလို ကျောင်းစာသင်ခန်းများမှာ ကျောင်းသားလူငယ်များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနဲ့ ဥပဒေရေးရာကိစ္စများ ရှင်းလင်းပြောဆိုခြင်းများ လုပ်ဆောင်တာကို တွေ့မြင်နေရပါတယ်။
စစ်ကိုင်းတံတားကို ဖြတ်သန်းသွားလာသူတွေဟာ ဆက်ဆံရေးအဆင်မပြေတဲ့ ဝန်ထမ်းတွေနဲ့ တွေ့ရပြီး မလိုလားအပ်ဘဲ အခကြေးငွေ ပေးရတဲ့ကိစ္စတွေ ပြောဆိုလေ့ ရှိကြပါတယ်။ တခါတလေ ကျွန်တော်တို့ သတင်းဌာနများကို ဆက်သွယ်ပြီး စစ်ကိုင်းနှာပေါက်ဝ က အခြေအနေတွေကို သတင်းဖော်ပြပေးဖို့ ဆက်သွယ်ပြောဆိုကြတာမျိုးတွေအထိ ရှိပါတယ်။
ဦးကျော်စိုးလွင်ရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်တဲ့အခါ ပရဟိလုပ်ငန်းတွေလည်း လုပ်ဆောင်နေသူတစ်ဦး ဖြစ်တာကြောင့် နှလုံးသားလှသူတစ်ဦးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း အများပြည်သူနဲ့ ဆက်ဆံတဲ့ နေရာမှာ လောဘ၊ ဒေါသကို ရှေ့တန်းမတင်ဘဲ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရေး ရှေးရှုဆောင်ရွက်နေသူလို့ ရှုမြင်ရပါတယ်။
တကယ်တော့ နိုင်ငံဝန်ထမ်းဆိုတာ ပြည်သူများကို ဒုက္ခပေးဖို့ တာဝန်ပေးအပ်ထားတာ မဟုတ်ပါဘူး။ အများပြည်သူ ကောင်းကျိုးအတွက် ဆောင်ရွက်ဖို့ ခန့်အပ်ထားခြင်း ဖြစ်ပါတယ်။ ပြည်သူများအပေါ် ကောင်းကျိုးလိုလားတဲ့စိတ်နဲ့ တာဝန်ထမ်းဆောင်ကြမယ်ဆိုရင် ပြည်သူများလည်း ကောင်းကျိုးရ၊ နိုင်ငံဝန်ထမ်းများအပေါ်မှာလည်း ပြည်သူများက ချစ်ခင်လေးစားပြီး နိုင်ငံဝန်ထမ်းများနဲ့ ပြည်သူများကြား ကွဲပြားလွန်းနေတာမျိုး မဖြစ်တော့ပါဘူး။
တချို့ တချို့သော ဝန်ထမ်းများကတော့ ပြည်သူများအပေါ် ကူညီမှုပေးလိုစိတ်နည်းပါတယ်။ ဂွင်ထဲရောက်လာပြီဆိုရင် ဘယ်လိုလုပ်လိုက်မှာ၊ ဘယ်ပုဒ်မက ဘယ်လောက်အထိ ပြစ်ဒဏ်ကြီးတယ်ဆိုတာမျိုးတွေနဲ့ ခြိမ်းခြောက် ဟိန်းဟောက်ပြီး ညစ်ကြတာမျိုးတွေ တွေ့ကြုံဖူးကြပါလိမ့်မယ်။
ဒီဆောင်းပါးကို ရေးတာက ပုဂ္ဂိုလ်ရေးအရလည်း မသိပါဘူး။ ရင်းနှီးခင်မင်ခြင်းလည်း မရှိပါဘူး။ ဦးကျော်စိုးလွင်ရဲ့ ဆောင်ရွက်ချက်တွေကို လူမှုကွန်ရက်မှာ မြင်တွေ့ရတွေက ပိတိဖြစ်ရလို့ အခြားသော နိုင်ငံဝန်ထမ်းမျာလည်း မိမိတို့တာဝန်နဲ့ လုပ်ပိုင်ခွင့်သည် ပြည်သူများအတွက် ကောင်းကျိုးလိုလားတဲ့စိတ်နဲ့ တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ ပြည်သူက ရွံမုန်းသော ဝန်ထမ်း မဖြစ်သင့်ပါဘူး။
သက်ရောက်မှုတိုင်းမှာ တူညီသော တုန့်ပြန်မှု ရှိသလို တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတစ်ဦးက ပြည်သူတစ်ဦးတစ်ယောက်အပေါ် မလျော်ညီသော လုပ်ရပ်များ လုပ်ဆောင်ခဲ့မိမယ်ဆိုရင်လည်း ပြဋ္ဌာန်းဥပဒေများကို လှည့်ပတ် ရှောင်ကွင်း၍ ရသည့်တိုင်အောင် လောကဥပဒေ တူသောအကျိုးပေးကတော့ ရှောင်လွှဲလို့ မရပါဘူး။
ဦးကျော်စိုးလွင် ကဲ့သို့ပင် နိုင်ငံဝန်ထမ်းများအားလုံးက ပြည်သူများကို ကောင်းမွန်စွာ ဝန်ဆောင်မှုပေးသူ၊ ပြည်သူ့အကျိုး ရှေးရှုဆောင်ရွက်နေသူများ ဖြစ်ကြပါမူ ပြည်သူများ၏ လေးစားချစ်ခင်မှုနဲ့ မေတ္တာရောင်ပြန်ဟပ်မှာ အသေအချာပါပဲ။
နောင်တော်လေး (ဘိုကလေး)
#MNP #News






No comments:
Post a Comment