နေပြည်တော်၊ ဇွန် ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က နိုင်ငံ့ဝန်ထမ်းများအားလုံး အဂတိတရားကင်းရှင်းမှုရှိစေရေး ဆောင်ရွက်သွားကြရန် မှာကြားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပြောကြားချက်တွင် "နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် လစာနှုန်းထားနှင့် ထောက်ပံ့ကြေးများကို ပေးထားကြောင်း၊ သို့ဖြစ်၍ ငွေကြေးအလွဲသုံးစားခြင်း၊ လုပ်ပိုင်ခွင့်အာဏာများကို မလျော်မညီအသုံးချ၍ ငွေကြေးရယူခြင်း၊ ကောက်ခံခြင်းများ လုပ်ဆောင်ခြင်း မပြုကြရန်လိုကြောင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်လည်း မိမိတို့ တစ်ဦးတစ်ယောက်၏အကျိုးစီးပွားကို လိုလားမှုဖြင့် လုံခြုံရေးဆောင်ရွက်နေသူများ၊ နိုင်ငံ့ဝန်ထမ်းများကို ငွေကြေးပေးလာဘ်ထိုးခြင်းများဖြင့် မဖျက်ဆီးကြရန်လိုကြောင်း၊ လာဘ်ပေးလာဘ်ယူခြင်း၊ ငွေကြေးအလွဲသုံးစားခြင်း၊ လုပ်ပိုင်ခွင့်အာဏာကို မလျော်ညီစွာ အသုံးပြုခြင်းတို့ဖြင့် အားကောင်းသော နိုင်ငံတော်အစိုးရတစ်ရပ်၏ပုံရိပ်ကို ထိခိုက်ကျဆင်းစေပြီး နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကိုလည်း ထိခိုက်ပျက်စီးစေနိုင်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများအားလုံး အဂတိတရားကင်းရှင်းမှုရှိစေရေး ဆောင်ရွက်သွားကြရန်နှင့် ကြပ်မတ်ကွပ်ကဲရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျ ကွပ်ကဲကြပ်မတ်သွား ကြရန်လိုကြောင်း" ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
#MNP #News

No comments:
Post a Comment