နေပြည်တော်၊ ဇွန် ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြည်သူများ၏ လိုလားချက်များနှင့် မိမိတို့၏ မူဝါဒသဘောထားများ ကိုက်ညီမှုရှိစေရေး ပြည်သူများ၏အသံကို မှန်မှန်သိရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့ဌာနဆိုင်ရာဝန်ထမ်းများနှင့် ထိတွေ့ဆက်ဆံမှုကောင်းရှိရန်လိုပြီး ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရန်လိုကြောင်း၊ မိမိတို့ကွပ်ကဲရသည့် ဝန်ထမ်းများနှင့် မိသားစုများ၏ လုပ်ငန်းပိုင်းဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာအခက်အခဲများနှင့် ပတ်သက်၍လည်း တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထို့ပြင် ပြည်သူများအနေဖြင့် ကိုယ်စိတ်နှစ်လုံးချမ်းမြေ့စွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေးအတွက်လည်း ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို မိမိတို့ဖြေရှင်းပေးနိုင်သည့်ဘက်မှ ဖြေရှင်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပြည်သူများ၏ လိုလားချက်ကို မှန်ကန်စွာ သိရှိနိုင်မှသာလျှင် ဖြေရှင်းပေးနိုင်မည်ဖြစ်သဖြင့် ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရန်လည်းလိုကြောင်း၊ အစိုးရအနေဖြင့် မိမိတို့ဖြစ်လိုသည်များကို မူဝါဒချမှတ်ဆောင်ရွက်ရသည်ဖြစ်သော်လည်း ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုခြင်းမျိုးမဖြစ်ရန်လိုကြောင်း၊ ပညာရေး၊ ကျန်းမားရေး၊ လူမှုရေးစသည်ဖြင့် ကဏ္ဍအလိုက်၊ အလွှာအလိုက် လိုလားချက်များ၊ သဘောသဘာဝများ တူညီမှုရှိမည်မဟုတ်သည့်အတွက် ပြည်သူများ၏ လိုလားချက်များနှင့် မိမိတို့၏ မူဝါဒသဘောထားများ ကိုက်ညီမှုရှိစေရေး ပြည်သူများ၏အသံကို မှန်မှန်သိရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း မှာကြားသည်။
#MNP #News

No comments:
Post a Comment