နေပြည်တော်၊ ဇွန် ၂၄
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်အား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်၊ ၁၃၃၀ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးအား တိုးမြှင့်ရေး အထူးသဖြင့် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံသို့ မကြာမီက သွားရောက်ခဲ့သည့် တရားဝင်ခရီးစဉ်အတွင်း နှစ်ဖက်ဆွေးနွေးခဲ့သည့် ကိစ္စရပ်များအပေါ် ဆက်လက်ပူးပေါင်း အကောင်အထည်ဖော်သွားရေး တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်း အပါအဝင် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ လွှတ်တော် ကိုယ်စားလှယ်များအပါအဝင် မြန်မာနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့် သင်တန်းများပေးအပ်သွားရေး နှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေးတို့ကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
#MNP #News


No comments:
Post a Comment