နေပြည်တော်၊ ဇွန် ၉
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူဂီအိုနို နှင့် ဇနီးသည် အင်ဒိုနီးရှားကိုယ်စားလှယ်အဖွဲ့ လိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် နေပြည်တော်သို့ တရားဝင်ခရီးစဉ် လာရောက်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယင်းနေ့မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနှင့် အင်ဒိုနီးရှား နိုင်ငံတို့အကြား ကာလရှည်ကြာစွာ တည်ရှိခဲ့သည့် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာစေရေး၊ သံတမန်ဆက်ဆံရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နှင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများအပေါ် အင်ဒိုနီးရှားနိုင်ငံက အပြုသဘောဆောင် ကြိုဆိုခဲ့ခြင်း အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိပြီး မိမိတို့ နိုင်ငံနှင့် ကိုက်ညီသည့် မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သည့် ဖြစ်ပေါ်တိုးတက်မှုများကို နားလည်ထောက်ခံသည့် အင်ဒိုနီးရှားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ ပညာသင်ဆုများ ပေးအပ်ခြင်း အပါအဝင် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ရှိရင်းစွဲ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမှ တစ်ဆင့် အစိုးရသစ်တစ်ရပ် ထွက်ပေါ်လာခြင်းနှင့်အတူ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ အာဆီယံထုတ်ပြန်ချက် ၅ ရပ် အား မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် အကောင်အထည်ဖော်လျက်ရှိခြင်းကို အင်ဒိုနီးရှားအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ၏ မိသားစုဝင်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိလာသည်ဖြစ်ရာ အာဆီယံ၏ လှုပ်ရှားဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံကို ဆက်လက် ပါဝင်စေလိုပါကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် လူ့အဖွဲ့အစည်း တွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို အင်ဒိုနီးရှားနိုင်ငံအနေဖြင့် နားလည်သဘောပေါက်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပံ့ပိုးလိုပါကြောင်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုပါကြောင်း ပြောကြားခဲ့သည်။
#MNP #News


No comments:
Post a Comment