၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေထံမှ ပေးပို့သည့် သဝဏ်လွှာ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေထံမှ ပေးပို့သည့် သဝဏ်လွှာ


(၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူနိုင်ငံသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် မူးယစ်ဆေးဝါးပြဿနာကို ကာလရှည်ကြာစွာ ဖြေရှင်းနေရလျက်ရှိပါသည်။ မူးယစ်ဆေးဝါး ပြဿနာ၏ နောက်ဆက်တွဲပြဿနာများကြောင့် နိုင်ငံအသီးသီးတွင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာထိခိုက်စေလျက်ရှိပါသည်။

မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုပြဿနာနှင့် လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သုံးစွဲမှု၊ သယ်ဆောင်ရောင်းဝယ်မှုစသည့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနေရလျက်ရှိပါသည်။ ထိုပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်း၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ ဗဟိုအဖွဲ့မှချမှတ်ထားသောမူဝါဒများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့ကိုဖွဲ့စည်းပြီး အလေးထားဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးပြဿနာကို ဦးစားပေးဖြေရှင်းဆောင်ရွက်ရမည့် လုပ်ငန်းအဖြစ်မူဝါဒချမှတ်ပြီး အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိပါသည်။ သို့သော် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးမတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ အချို့သော တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် PDF အကြမ်းဖက်အဖွဲ့များသည် မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြကြောင်း ဖမ်းဆီးရမိမှု ဖြစ်စဉ်များက သက်သေခံလျက်ရှိပါသည်။

အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအနေဖြင့် ၎င်းတို့၏ အဓိကဝင်ငွေရလမ်းဖြစ်သည့် မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများမှ ရရှိလာသော အကျိုးအမြတ်များဖြင့် လူသစ် စုဆောင်းခြင်း၊ လက်နက်၊ ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူခြင်းတို့ ပြုလုပ်ကာ နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေလျက်ရှိပါသည်။

နိုင်ငံတော်အကြီးအကဲကလည်း “ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားလူမျိုးအရေးကိုအကြောင်းပြပြီး လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် အကြမ်းဖက်သမားများသည် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် အဓိကဝင်ငွေရှာဖွေနေကြပြီး Online လိမ်လည်မှုနှင့် Online လောင်းကစားမှုများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများကိုလည်း ကျူးလွန်လျက်ရှိနေကြကြောင်း” “ထိုကိစ္စများသည် အကြမ်းဖက်သောင်းကျန်းသူများ သက်ဆိုးရှည်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အန္တရာယ်ပေးနေသည့်အတွက် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် အထူးစစ်ဆင်ရေးများနှင့် တိုက်ဖျက်လျက်ရှိသည့်အပြင် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းလက်တွဲ တိုက်ဖျက်လျက်ရှိကြောင်း” အသိပေး ပြောကြားခဲ့ပြီးဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အထူးစစ်ဆင်ရေး စီမံချက်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ အထူးစစ်ဆင်ရေး (၄၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သလို ယခုနှစ်မှာလည်း အထူးစစ်ဆင်ရေးတစ်ရပ်ကို စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါသည်။ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အချို့သည် နိုင်ငံတော်နှင့်လူမျိုးအတွက် အသက်ခန္ဓာကို စွန့်လွှတ်ပေးခဲ့ရပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅၃၇ဝ မှု၊ တရားခံ ၇၅၆၂ ဦး၊ မြန်မာကျပ် ငွေ ၁၇၆၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရာတွင် အရင်းအမြစ်အထိ အရေးယူနိုင်ရန်အတွက် ပြစ်မှုကျူးလွန်သူများ၊ ဆက်စပ်တရားခံများ၊ နောက်ကွယ်မှကြိုးကိုင်သူများကိုပါ ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည့်အပြင် ပြစ်မှုထပ်မံမကျူးလွန်နိုင်အောင် ငွေကြေးခဝါချမှုတိုက်ဖျက် ရေးဥပဒေနှင့်လည်း အရေးယူလျက်ရှိပါသည်။ မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်ရာမှရရှိသော အကျိုးအမြတ်များကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းလျက်ရှိရာ ၂၀၂၅ ခုနှစ်အတွင်း တန်ဖိုးငွေကျပ် ၄၂၈၅ သန်းကျော်ကို သိမ်းဆည်းနိုင်ခဲ့ပါသည်။

ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၌ မီးရှို့ဖျက်ဆီးလျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် မြန်မာငွေကျပ် ၁၀၇၂ဘီလီယံ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ပါသည်။ ယခုနှစ်တွင်လည်းရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် မီးရှို့ဖျက်ဆီးပွဲများကို နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာငွေကျပ် ၂၂၀၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ဖျက်ဆီးသွားမည်ဖြစ်ပါသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကြောင့် ဖမ်းဆီးရမိမှုများ မြင့်တက်လာခဲ့ရာ ယခင်နှစ်ကထက် နှစ်ဆကျော်ခန့် တိုးမြှင့်ဖျက်ဆီးသွားရမည် ဖြစ်ပါသည်။

နိုင်ငံအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချနိုင်ရန် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့၊ သီးနှံများအစားထိုးစိုက်ပျိုးရေးအဖွဲ့နှင့် မွေးမြူရေးအဖွဲ့တို့က အဓိကတာဝန်ယူ ဆောင်ရွက်နေပြီး အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချလျက်ရှိပါသည်။

အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်မှ ၂၀၂၈-၂၀၂၉ ခုနှစ်အထိ ဒုတိယအကြိမ် ရှေ့ပြေးစီမံကိန်းအား ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၆၅ ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်အတူ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)နှင့်ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်း မြို့နယ်နောင်တရားဒေသတွင်လည်းကောင်း၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)နှင့် ပူးပေါင်း၍ တောင်ကြီးနှင့် ဟိုပုံးဒေသတို့တွင်လည်းကောင်း အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

အစားထိုးဖွံ့ဖြိုးရေးဒေသမှထွက်ရှိသော ထုတ်ကုန်များကို နိုင်ငံတကာသို့ တင်ပို့ရောင်းချလျက်ရှိရာ ဟိုပုံးနှင့် လွိုင်လင်ဒေသမှထွက်ရှိသော ကော်ဖီကို ၂၀၂၄ ခုနှစ်တွင် ၁၅၃ တန်ကျော်၊ ၂၀၂၅ ခုနှစ် တွင် ၂၀၅.၅ တန်ကျော်တို့ကို ပြင်သစ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။ ထို့ပြင် ၂၀၂၅ ခုနှစ်အတွင်း နောင်တရားဒေသမှထွက်ရှိသည့် ကော်ဖီသီးလုံးခြောက် ခြောက်တန်ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့၍ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရန်အတွက် ဆောင်ရွက်လျက်ရှိပါသည်။

သီးနှံများအစားထိုးစိုက်ပျိုးရေးအဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း စိုက်ပျိုးရေးပညာပေးစခန်းများဖွင့်လှစ်ခြင်း၊ နှစ်ချင်းသီးနှံမျိုးစေ့ ဖြန့်ဖြူးခြင်း၊ နှစ်ရှည်ပျိုးပင်ဖြန့်ဖြူးခြင်း၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဖြန့်ဝေပေးခြင်း၊ သီးနှံစံပြကွက်နှင့် စမ်းသပ်ကွက်များစိုက်ပျိုးခြင်း၊ ပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်း၊ နှစ်ချင်းသီးနှံနှင့် နှစ်ရှည်ပျိုးပင်များ တိုးချဲ့စိုက်ပျိုးခြင်းတို့ကို စီမံကိန်းဝင်မြို့နယ် ၅၅ မြို့နယ်တွင် မြန်မာငွေကျပ် ၄၄၃၁ သန်းကျော် အကုန်အကျခံပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

မွေးမြူရေးအဖွဲ့အနေဖြင့် ဒေသကြက်နှင့်ဝက်များ ထောက်ပံ့ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းအထောက် အကူပြုပညာပေးဟောပြောပွဲများကျင်းပခြင်း၊ ပျားမွေးမြူရေးသင်တန်းများပေးခြင်း၊ ကျွဲ၊ နွား၊ ကြက်၊ ဝက်နှင့် အခြားတိရစ္ဆာန်များ ရောဂါကာကွယ်ကုသပေးမှုများ ဆောင်ရွက်လျက်ရှိရာ တိရစ္ဆာန်မျိုးစုံ ကောင်ရေ ၅ သိန်းကျော်ကို ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ပြီး ကောင်ရေ ၁ သိန်းကျော်ကို ကုသပေးနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဓာတုပစ္စည်း ၆၁ မျိုးကို ထိန်းချုပ်ဆောင်ရွက် လျက်ရှိပြီး ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုနှင့် လမ်းလွဲမရောက်ရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဓာတုပစ္စည်း တင်ပို့ရောင်းချသည့် ပြည်ပနိုင်ငံများနှင့် ပို့ကုန်ကြိုတင်သတင်းပေးစနစ် (PEN)အပြင် Precursor Incident Communication System (PICS) ဖြင့်လည်းကောင်း၊ နိုင်ငံအလိုက်ဆက်ဆံရေး အရာရှိများဖြင့်လည်းကောင်း ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင်ထိန်းချုပ်ဓာတု ပစ္စည်းများ လမ်းလွဲမရောက်ရှိစေရေးအတွက် အသိပညာပေးရေးလုပ်ငန်းများနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးလုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိပါသည်။

မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဟောပြောပွဲများ၊ Talk Show များနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်း အပါအဝင် ပြန်ကြားရေးနည်းလမ်းပေါင်းစုံဖြင့် ပညာပေးဆောင်ရွက်နိုင်ခဲ့ပါသည်။

ထို့ပြင် အဆင့်မြင့်ပညာကဏ္ဍ၊ ဆရာအတတ်ပညာကဏ္ဍ၊ အခြေခံ ပညာကဏ္ဍနှင့် ကျောင်းပြင်ပ ပညာရေးကဏ္ဍတို့တွင်လည်း မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ကျောင်းအခြေပြု ပညာပေးလုပ်ငန်းစဉ် ၇ ရပ်တွင်လည်း မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ပပျောက်ရေးကို ဦးစားပေး လုပ်ငန်းစဉ်(၁)အဖြစ် ထည့်သွင်းဆောင်ရွက်လျက်ရှိပါသည်။

မူးယစ်ဆေးစွဲသူများ ဆေးကုသမှုခံယူနိုင်စေရေးနှင့် နောက်ဆက်တွဲအန္တရာယ် လျှော့ချနိုင်ရေးအတွက် မူးယစ်ဆေးစွဲရောဂါကုသရေးဌာနကြီး၂၉ ခု၊ ဌာနငယ် ၅၇ ခု ဖွင့်လှစ်ထားပြီး မက်သဒုံးကုသမှုဆေးခန်း ၃၆ ခုနှင့် ဗျူပရီနော်ဖင်းကုသမှုဆေးခန်း ၅ ခုတို့အား တွဲဖက်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

မူးယစ်ဆေးဖြတ်ပြီးသူများ လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးစခန်း ၁၄ ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ဒေသအသီးသီးတွင် ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မူးယစ်ဆေးဝါးပြဿနာအား ဖြေရှင်းရာတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်သဖြင့် မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ၃ ခုတွင် ပါဝင်လက်မှတ်ရေးထိုးထားပြီး ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ ဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများ၊ အာဆီယံအဖွဲ့ ဝင်နိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး(UNODC)၊ အမေရိကန်နိုင်ငံ DEA ၊ တရုတ်နိုင်ငံ NNCC၊ ဩစတြေးလျနိုင်ငံ AFP၊ ထိုင်းနိုင်ငံ ONCB တို့နှင့်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် အာဆီယံမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီး အဆင့်အစည်းအဝေး (AMMD)နှင့် အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေး(ASOD)၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံများအတွင်း ကျင်းပသည့် ဝန်ကြီးအဆင့် အစည်းအဝေးနှင့်အဆင့်မြင့် အရာရှိကြီးများအဆင့် အစည်းအဝေးများသို့လည်း ပုံမှန်တက်ရောက် လျက်ရှိပါသည်။ နိုင်ငံအလိုက် ဘေးကင်းလုံခြုံသော မဲခေါင်ပူးပေါင်း ဆောင်ရွက်ရေးစင်တာ (SMCC)ရုံးများဖွင့်လှစ်ပြီး သတင်းဖလှယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် တောင်ကြီးမြို့တွင် (SMCC)ရုံး ဖွင့်လှစ်ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်ပြီး ဦးစားပေးဆောင်ရွက်နေသဖြင့် မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အနေဖြင့်လည်း ပြောင်းလဲလာသည့် မူးယစ်ဆေးဝါးပြဿနာ များအပေါ်သုံးသပ်ပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိပါသည်။

ယခုနှစ် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် UNODC မှပေးပို့သော ဆောင်ပုဒ်ဖြစ်သည့် “World Drug Problem: Persisting Issues, New Challenges, Innovative Responses - စိန်ခေါ်မှု (အသစ်တွေ)ကြားက မူးယစ်ဆေးဝါးပြဿနာ၊ ဆန်းသစ်တီထွင်နည်းလမ်းရှာ၊ စုပေါင်းကာကွယ် တိုက်ဖျက်ပါ” နှင့်အညီ တစ်ကမ္ဘာလုံးမှလည်း ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။

နိုင်ငံအတွင်း ကြုံတွေ့လာရသည့်ပြဿနာကို တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းက ဖြေရှင်းခြင်းထက် ပြည်သူလူထု တစ်ရပ်လုံးပေါင်းစုကာ ဆောင်ရွက်ခြင်းက ပိုမိုထိရောက်ကောင်းမွန်မည်မှာ မလွဲဧကန်ဖြစ်ပါသည်။ ဒါကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဟန့်တား နှောင့်ယှက်နေသည့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရေးနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုတစ်ရပ်လုံးက စုပေါင်းဝိုင်းဝန်းတိုက်ဖျက်ကြရန် တိုက်တွန်းအပ်ပါသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)