ဇွန် - ၃ ( ဗုဒ္ဓဟူးနေ့ )
ဆားဘီးယားသမ္မတ အလက်ဆန်ဒါ ဗူဆစ် က ဥရောပသမဂ္ဂ (အီးယူ)ရဲ့ ကာကွယ်ရေးဝါဒ မူဝါဒများကြောင့် စီးပွားရေးကျဆင်းမှုဘက်သို့ ဦးတည်နေကြောင်း ဘလွန်းဘာဂ် သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ၎င်းက ဥရောပ၊ တရုတ်နှင့် အမေရိကန်တို့အကြား ရင်းနှီးမြှုပ်နှံမှုအပေါ် တားဆီးကန့်သတ်မှုများက စီးပွားရေးတိုးတက်မှုကို ထိခိုက်စေကြောင်းလည်း ထောက်ပြခဲ့ပါတယ်။
ဗူဆစ်က ဘေကျင်းကို အလည်အပတ်သွားခဲ့ပြီး ဆားဘီးယားနိုင်ငံအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ကတိကဝတ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့ပြီးနောက် အင်္ဂါနေ့တွင် အဆိုပါမှတ်ချက်များကို ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
ကာကွယ်ရေးဝါဒ က “အဆုံးမှာတော့ ဥရောပကို ဖျက်ဆီးပစ်လိုက်မှာပါ” လို့ ဆိုပြီး ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုများကို ရှုပ်ထွေးစေတဲ့ “အတားအဆီးများ အလွန်များပြားနေကြောင်း”အင်တာဗျူးတွင် ပြောကြားခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာနေသည့်အခြေအနေတွင် ဥရောပသည် မိမိကိုယ်ကို ကျေနပ်နေပြီး သတိလျော့လာကြောင်းကိုလည်း သတိပေးခဲ့ပါတယ်။ “ကျနော်တို့အားလုံး အဆင်ပြေပြေ နေထိုင်နေကြတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို မမြင်ကြတော့ဘူး” လို့ ၎င်းက ပြောကြားခဲ့ပြီး၊ ကုန်ထုတ်စွမ်းအား ပြဿနာက ဥရောပတိုက်အတွက် “အခက်ခဲဆုံးနဲ့ အကြီးမားဆုံး စိန်ခေါ်မှု” ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
အီးယူသည် ကုန်ထုတ်စွမ်းအား၊ ဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးတိုးတက်မှု ကဏ္ဍများတွင် အမေရိကန်နှင့် တရုတ်တို့ထက် နောက်ကျကျန်ရစ်နေကြောင်း သတိပေးခဲ့ပြီး၊ ယင်းစိန်ခေါ်မှုက “ဥရောပ တည်ရှိမှုအတွက် အရေးကြီးသည့် စိန်ခေါ်မှု” လို့ ဆိုပါတယ်။
ဗူဆစ်ရဲ့ မှတ်ချက်များသည် အီးယူ နဲ့ တရုတ်၊ အမေရိကန်တို့အကြား ကုန်သွယ်ရေးအငြင်းပွားမှုများ မြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ယင်းအငြင်းပွားမှုများတွင် တရုတ်လျှပ်စစ်ကားများအပေါ် အခွန်စည်းကြပ်မှုနှင့် အစိုးရထောက်ပံ့ကြေးဆိုင်ရာ ပြဿနာများ၊ အမေရိကန်နှင့် အခွန်နှုန်းထားများ၊ ဈေးကွက်ဝင်ရောက်ခွင့်နှင့် စက်မှုမူဝါဒဆိုင်ရာ အငြင်းပွားမှုများ ပါဝင်ပါတယ်။
ဗူဆစ်ရဲ့ အုပ်ချုပ်မှုအောက်တွင် ဆားဘီးယားသည် တရုတ်ရဲ့ အနီးကပ်ဆုံး ဥရောပ မိတ်ဖက်နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က နှစ်နိုင်ငံဆက်ဆံရေးကို “သံမဏိကဲ့သို့ ခိုင်မာသော မိတ်ဆွေဖြစ်မှု” လို့ ဖော်ပြခဲ့ပြီး၊ နှစ်နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) သည် ၂၀၂၄ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့ပါတယ်။
ဆားဘီးယားနဲ့ တရုတ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဆားဘီးယားစီးပွားရေးကို အားကောင်းစေခဲ့ပြီး၊ မကြာသေးမီနှစ်များအတွင်း ဥရောပတွင် စီးပွားရေးတိုးတက်နှုန်း မြန်ဆန်တဲ့ နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်လာစေခဲ့ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ကမ္ဘာ့ဘဏ် တို့က ဖော်ပြထားပါတယ်။
ဆားဘီးယားက ရုရှားနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး၊ အီးယူရဲ့ ဖိအားပေးမှုများရှိနေပေမဲ့ မော်စကိုအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်နဲ့ ယူကရိန်း ကို ထောက်ခံရန် ငြင်းဆိုထားပါတယ်။ ဆားဘီးယားရဲ့ သဘာဝဓာတ်ငွေ့ တင်သွင်းမှု ခန့်မှန်းခြေ ၈၀ ရာခိုင်နှုန်းမှာ ရုရှားမှ လာရောက်ခြင်း ဖြစ်ပါတယ်။
REF - RT
#MNP #News

No comments:
Post a Comment