မြန်မာ့နိုင်ငံရေးကား ရှုပ်ထွေး၏၊ နက်နဲ၏၊ ခက်ခဲ၏ ဟု ဆိုဖွယ်ရှိ၏။ အာဏာရမ္မက်ထမှု လွန်ကျူးကြသည်ဟုလည်း ဆိုဖွယ်ရှိ။ နိုင်ငံရေးကို အကြောင်းပြု၍ ကိုယ်ကျိုးရှာလိုမှု၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ ကိုယ်ကျိုးရှာလွန်းခြင်းကြောင့်လည်း တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသူများ၏ လုပ်ရပ်များအပေါ် ပြည်သူတို့က များစွာရွံရှာမုန်းတီးလျက်ရှိပါတယ်။ တာဝန်နှင့် လုပ်ပိုင်ခွင့်ဟူသည် ပြည်သူကို ကောင်းကျိုးပြုရန် အပ်နှင်းထားသည်ဖြစ်ရာ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ပြည်သူများအတွက် ကောင်းကျိုးဖြစ်စေရန် ဦးတည်လုပ်ဆောင်ခြင်းမရှိဘဲ ဥပဒေလက်တစ်လုံးခြားလုပ် ဂုပ်သွေးစုပ် အမြတ်ထုတ်၊ ကိုယ်ကျိုးရှာလိုမှု ရှေ့တန်းရောက်လာကြခြင်းကြောင့် ပြည်သူများ၏ ချစ်ခြင်းကို မရ၊ မုန်းတီးခြင်းကိုသာ ခံယူနေကြရခြင်း ဖြစ်ပါတယ်။
ထိုသို့သောအချင်းအရာများကို ထောက်ရှု၍ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက သာကီဝင်မင်း၊ ကောလိယမင်းတို့သည် ကပိလဝတ်ပြည် နှင့် ကောလိယပြည် အကြားရှိ ရောဟိနီမည်သောမြစ်ရေကို အကြောင်းပြု၍ စစ်ခင်းမည်အပြု မြတ်စွာဘုရားရှင် ဟောကြားခဲ့သော ဇာတ်ဝတ္ထုများသည် စိတ်ဝင်စားဖွယ်ရာဖြစ်ကြောင်း တရားတော်များကို နားကြားရာမှ မှတ်သားဖူး၏။
သို့ဖြစ်၍ ဆရာဦးအောင်မြိုင် အား "ရေလုပွဲဖြစ်တဲ့ တိုင်းပြည်နှစ်ခုက မင်းတွေကို မြတ်စွာဘုရားရှင် ဟောခဲ့တဲ့ ဇာတ်ဝတ္ထုတွေက ဘာတွေလဲ၊ ဖတ်ချင်လို့ ဆရာ" ဟု မေးမြန်းရာ ဆရာဦးအောင်မြိုင် က ဇာတ်ဝတ္ထုများကို ပြောပြပါတယ်။ ဇာတ်ဝတ္ထုတွေထဲကမှ ဖန္ဒနဇာတ် ကို ဖတ်ရှုလေ့လာကြည့်မယ်ဆိုရင် -
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဆွေတော်မျိုးတော်တို့ ခိုက်ရန်ဖြစ်ခြင်းကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ချင်းချင်းကြောင်းမဲ့ ရန်ငြိုးပွဲ
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် တစ်ခုသော လက်သမားရွာရှိလေ၏။ ထိုရွာ၌ လက်သမားပုဏ္ဏားတစ်ယောက်သည် တောမှသစ်တို့ကိုယူကာ ရထားလုပ်၍ အသက်မွေး၏။
ထိုအခါ ဟိမဝန္တာအရပ်ဝယ် ကြို့ပင်တစ်ပင်သည်ရှိလေ၏။ ဝံတစ်ကောင်သည် အစာရှာဖွေစားသောက်ကာ ကြို့ပင်ရင်း၌ အိပ်လေ့ရှိ၏။
တစ်နေ့သ၌ လေတိုက်သည်ရှိသော် ကြို့ကိုင်းချောက်သည် အိပ်နေသောဝံ၏ ကျောကုန်းပေါ်သို့ ကျလေ၏။ ဝံသည် ကျောကုန်းနာသဖြင့် အနည်းငယ်ထ၍ပြေးပြီးလျှင် တစ်ဖန်ပြန်၍ ကြည့်ရှုလတ်သော် တစ်စုံတစ်ယောက်ကိုမျှမမြင်။ ထိုအခါ ဝံသည် “ငါ့ကိုတစ်ပါးသောသူသည် ပြုလုပ်သည်မဟုတ်၊ ဤကြို့ပင်စောင့်နတ်သည် ငါအိပ်သည်ကို သည်းမခံနိုင်သဖြင့် ငါ့ကျောကုန်းပေါ်သို့ ကြို့ကိုင်းကို ချိုး၍ချယောင်တကား၊ ရှိစေဦး၊ ငါ့အကြောင်းကို သိရမည်”ဟု အရာမဟုတ်သည်၌ ရန်ငြိုးဖွဲ့ကာ ကြို့ပင်ကိုပုတ်ခတ်လျက် “နင့်သစ်ရွက်ကိုလည်း ငါမစား၊ အခက်ကိုလည်း ငါမချိုး၊ တစ်ပါးသော သတ္တဝါတို့နေသည်ကို သည်းခံနိုင်ပါလျက် ငါ့ကိုသည်းမခံနိုင်၊ ဘယ်အပြစ်ရှိသနည်း၊ နှစ်ရက်သုံးရက်ရှိလျှင် နင့်သစ်ပင်ကို အမြစ်ပါတူးစေမည်”ဟု ကြိမ်းမောင်းကာ သွားလေ၏။
ရန်သူပျက်မှာ ဝမ်းမြောက်စွာ
ထိုအခိုက် ပုဏ္ဏားလက်သမားသည် အဘော်နှစ်ယောက်သုံးယောက်ကိုခေါ်၍ ရထားသစ်ယူရန် လှည်းဖြင့် လာ၏။ တစ်နေရာတွင် လှည်းကိုချွတ်၍ ဓားမ၊ ပဲခွပ်၊ ပုဆိန် လက်စွဲကာ စုံစမ်းရှာဖွေရာ ကြို့ပင်အနီးသို့ရောက်လေ၏။ ဝံသည် လက်သမားကိုမြင်လျှင် “ငါ့ရန်သူပျက်စီးခြင်းကို မြင်ရတော့မည်”ဟု ဝမ်းမြောက်ဝမ်းသာ အနီးသို့ချဉ်းကပ်လျက် –
“အို-ယောက်ျားဓားမ၊ ပဲခွပ်၊ ပုဆိန်လက်စွဲကာတောသို့ လာဘိ၏၊ အဆွေယောက်ျား... ငါမေးအပ်သည်ကို ပြောကြားပါ၊ သင်သည် အဘယ်သစ်ကို ခုတ်ဖြတ်လိုသနည်း”—
ဟု မေးလေ၏။ လက်သမားပုဏ္ဏားသည် ဝံစကားကိုကြားလျှင်– “အို-လုလင်တို့... ငါသည် တစ်သက်လုံး လူတို့စကားကိုပြောဆိုသော ဝံကို မမြင်စဖူး၊ အံ့ဘွယ်ရှိစွ၊ ဤဝံသည် လျောက်ပတ်သောသစ်ကို သိတန်ရာ၏”ဟု ပြောဆိုပြီးလျှင်–
“အဆွေခံ သင်ကား ညီညွတ်သောတော... မညီညွတ်သောတောသို့ လှည့်လည်ပါ၏၊ ငါမေးအပ်သည်ကို ပြောကြားပါ၊ အဘယ်သစ်သည် ရထားအကွပ်လုပ်ဘို့ရန် ခိုင်ခန့်ပါသနည်း”ဟု သစ်အကြောင်းကို မေးလေ၏။
ရန်သူပျက်ရေး အကြံပေး
ဝံလည်း “အချက်ကောင်းကို ရပေပြီ၊ ငါ၏ရန်သူ ပျက်စီးခြင်းကို မြင်ရတော့မည်”ဟုကြံစည်ကာ–
“အဆွေလက်သမား... ပိတောက်ပင်၊ ရှားပင်၊ အင်ကြင်းပင်၊ ဖောက်ကြံ့ပင်တို့သည် မခိုင်ခန့်ကုန်၊ ကြို့ပင်သည် ရထားအကွပ်လုပ်ရန် ခိုင်ခန့်လှ၏”
ဟု ပြောကြားလေ၏။ လက်သမားသည် ဝံ၏စကားကိုကြားလျှင် အလွန်နှစ်သက်ဝမ်းသာ၍ “ရှေးနေ့တို့၌ ငါ့အား တိရစ္ဆာန်တို့သည် လျောက်ပတ်သောသစ်ကို မပြောကြားစဖူး၊ ယနေ့ကား ထူးထူးခြားခြား ပြောကြားပေ၏၊ ကောင်းလေစွ”ဟု ပြောဆိုပြီးလျှင်–
“အဆွေဝံ... သင်ပြောသော ကြို့ပင်၏အရွက်၊ ပင်စည်တို့သည် အဘယ်သို့သဘောရှိသနည်း၊ ငါတို့ ကြို့ပင်ကိုမသိကြပါ၊ သိရအောင် ငါတို့အား ပြောကြားပါ”—
ဟု မေးမြန်းတောင်းပန်လေ၏။ ထိုအခါ ဝံသည်–
“အဆွေလက်သမား... ကြို့ပင်၏အကိုင်းအခက်တို့သည် တွဲလျားကျကုန်၏၊ အောက်သို့ညွတ်ကုန်၏၊ မကျိုးကုန်၊ ယခုငါတည်နေသော သစ်ပင်ကား ကြို့ပင်ဖြစ်၏၊ ရထား၏အကန့်-လှည်းဘီး ပုံတောင်း-ဝက်စွယ်-အကွပ် အလုံးစုံပြုလုပ်ရန် ခိုင်ခန့်လှ၏”—
ဟု လက်သမားတို့ကို ပြောကြားပြီးလျှင် မိမိအလိုရှိရာအရပ်သို့သွားလေ၏။
လက်သမားတို့လည်း ကြို့ပင်ကိုခုတ်ဖြတ်ရန် ကြိုးစားကြ၏။ ထိုအခါ ကြို့ပင်စောင့်နတ်သည် “ငါကား ဝံ၏အပေါ်၌ တစ်စုံတစ်ခုကိုမျှမချရ၊ ဤဝံသည် အရာမဟုတ်သည်၌ ရန်ငြိုးဖွဲ့ကာ ငါ့ဗိမာန်ကိုဖျက်ဆီးဘိ၏၊ တစ်ခုသောဥပါယ်ဖြင့် ဤဝံအား လက်သမားတို့ကိုပင်သတ်စေမည်”ဟုကြံစည်၍ ယောက်ျားအသွင် ဖန်ဆင်းပြီးလျှင် လက်သမားတို့ထံ လာ၍– “အို-လက်သမားတို့... ဤသစ်ပင်ကား ကောင်းလှ၏၊ ခုတ်ဖြတ်၍ အဘယ်ကို ပြုလုပ်အံ့နည်း”ဟု မေး၏။ “အဆွေ... ရထားအကွပ်ပြုလုပ်မည်”ဟု ပြော၏။ “သင်တို့ကို အဘယ်သူပြောကြားသနည်း”ဟု မေးသောအခါ “ဝံတစ်ကောင်ပြောကြားပါ၏”ဟုပြော၏။ “ဝံသည် ကောင်းစွာပြောကြားပေသည်”ဟုပြော၏။
ချင်းချင်းမုန်းချက် ကျိုးမထွက်
ထိုအခါ ရုက္ခစိုးနတ်သည် လက်သမားတို့အား “အမောင်တို့... ဝံရေကိုခွါ၍ လက်လေးသစ်မျှ ဖြတ်ပြီးလျှင် ရထားအကွပ်၌ သံပတ်သကဲ့သို့ပတ်လျှင် အလွန်ခိုင်ခန့်လှသည်၊ အဘိုးလည်းထိုက်တန်လှသည်၊ ဝံရေကို အဘယ်မှာရအံ့နည်း၊ သင်တို့သည်မိုက်လှ၏၊ ကြို့ပင်ကား ဘယ်မှပြေးမည်မဟုတ်၊ သင်တို့အား ပြောကြားသော ဝံထံသွား၍ သင်ပြသောသစ်ပင်ကို ဘယ်အရပ်၌ ဖြတ်ရမည်နည်း၊ လိုက်၍ပြပါဟု လှည့်စား၍ခေါ်ချေ၊ လိုက်လာ၍ ဤအရပ်၌ဖြတ်လောဟု နှုတ်သီးဖြင့်ပြသောအခါ ထက်လှစွာသောပုဆိန်ဖြင့် ဖြတ်၍သတ်ပြီးလျှင် အရေကိုခွါ၍ ကောင်းသောအသားကိုစားပြီးမှ ကြို့ပင်ကိုဖြတ်လော”ဟု ရန်တုံ့မူကာ နည်းပေးပြန်၏။
ထိုအခါ လက်သမားသည် ကြို့ပင်စောင့်နတ်စကားကိုကြားပြန်လျှင် “ဩ...အံ့ဘွယ်ရှိပေစွ၊ ယနေ့ ငါ့အား မင်္ဂလာရှိသောနေ့ ဖြစ်ပေသည်”ဟု ပြောဆိုကာ ကြို့ပင်စောင့်နတ်ပေးသောနည်းဖြင့် ဝံကိုသတ်ပြီးလျှင် ဝံပေးသောနည်းဖြင့် ကြို့ပင်ကိုခုတ်ဖြတ်ခါ ယူ၍သွားလေ၏။ ဤသို့လျှင် ဝံနှင့်ကြို့ပင်စောင့်နတ်တို့သည် အချင်းချင်းရန်ငြိုးဖွဲ့ကြသဖြင့် ပျက်စီးကြကုန်၏။
ဤသို့လျှင် မြတ်စွာဘုရားသည် သာကီဝင်မင်းတို့အား ဝံနှင့်ကြို့ပင်စောင့်နတ်ကို ပမာပြုကာ ဆုံးမတော်မူ၏။ သာကီဝင်မင်းတို့လည်း မြတ်စွာဘုရားအဆုံးအမ၌တည်၍ ညီညွတ်ကြကုန်၏၊ ခိုက်ရန်ပြေငြိမ်းကြကုန်၏၊ ဝမ်းမြောက်ဝမ်းသာရှိကြကုန်၏။
ဇာတ်တော်နဲ့ ဆက်စပ်တဲ့ ဆောင်ပုဒ် ကတော့ -
(၁) ငြင်းခုံခိုက်ရန်၊ ဒေါသထန်၊ ဧကန်ပျက်စီးမည်။
(၂) ရာမဟုတ်ပေ၊ ခိုက်ရန်ဖွေ၊ နှစ်ထွေပျက်စီးမည်။
(၃) ဝံနှင့်ကြို့ပင်၊ ပမာတင်၊ အစဉ်မှတ်အပ်သည်။
(၄) ဝံကိုလည်းသတ်၊ ကြို့ပင်ဖြတ်၊ နတ်လည်းပျက်တော့သည်။
ဤဇာတ်တော်ကို ပမာထား၍ မြန်မာ့နိုင်ငံရေးအဖြစ်သနစ်ကို သုံးသပ်သော် ငြင်းခုံခိုက်ရန်၊ ဒေါသထန်၊ ဧကန်ပျက်စီးမည် ဟူသော ကိန်းကို ဆိုက်ရောက်နေပေပြီ။ မြန်မာ့နိုင်ငံရေးတွင် အားချင်းပြိုင်နေသော အတိုက်အခံ နှစ်ဦးနှစ်ဝ ဆုံးရှုံးနေကြရသည်။ လက်သမားနှင့်တူသော မြန်မာပြည်ဖွံ့ဖြိုးတိုးတက်လာမည်ကို မလိုလား မရှုစိမ့်သော နိုင်ငံများ အမြတ်ထွက်နေကြသည်။ သို့သော် မြန်မာပြည် ပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေကြသူများ က အာဏာရမ္မက်ထန်ခြင်း၊ နိုင်ငံရေးအစွန်းရောက်ခြင်း လောဘ၊ ဒေါသ လွန်ကဲနေခြင်းတို့ကြောင့် အဖျက်အမှောင့်လုပ်ရပ်များတွင်သာ ပျော်မွေ့နေကြပါတယ်။ တစ်ကိုယ်ရေကောင်းစားရေးအတွက် တိုင်းပြည်နှင့် လူမျိုးကို ဘေးဒုက္ခအမျိုးမျိုးရောက်အောင် ကြံဆောင်နေကြသည်ကို ထောက်ရှု၍ ပြဆိုရေးသားခြင်း ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကမူ သာကီဝင်မင်း၊ ကောလိယမင်းတို့ကို ထိုထိုသော ဇာတ်တော်များ ဟောဖော်ညွှန်ပြ ဆိုဆုံးမ၍ စစ်ပြေငြိမ်းခဲ့ရသည်ကို ထောက်ရှုဆင်ခြင်၍ ယနေ့ မျက်မှောက်ခေတ် နိုင်ငံရေးအစွန်းရောက်များလည်း အာဏာရမ္မက်ထန်ခြင်း၊ နိုင်ငံရေးအစွန်းရောက်ခြင်း တို့ကို လျှော့ချနိုင်ကြပါစေ။ နှစ်ဦးနှစ်ဝ ဘေးဒုက္ခရောက်ရမည့် လုပ်ရပ်များကို ရှောင်ရှားနိုင်ကြပါစေ။ ခေတ်သစ်ကိုလိုနီလက်သစ်များ အမြတ်ထွက်မည့် လုပ်ရပ်များကို ရပ်တန်းက ရပ်နိုင်ကြဖို့ရာ ဆင်ခြင်တွေးဆ သတိပြုနိုင်ရန် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
#MNP #News

No comments:
Post a Comment