တောင်ငူ၊ ဇွန် ၁၂
တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တည်ရှိခဲ့သော ကေတုမတီတောင်ငူခေတ် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ပြန်လည်ဖော်ထုတ်ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ခြင်းများကို တစ်ပါတည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် တောင်ငူမြို့အတွင်း ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေး၊ တောင်ငူမြို့အား ပတ်လည်ဝန်းရံနေသည့် ရှေးဟောင်းကျုံးတွင်းမှရေများ ကြည်လင်သန့်ရှင်းစွာ စီးဆင်း စေရေး၊ ကြာပန်းပေါင်းစုံဖြင့် လှပတင့်တယ်စေရေးတို့အတွက် ကျုံးအတွင်း ရေစီးဆင်းရာတွင် ပိတ်ဆို့နေ သည့် သဲသောင်များ၊ အမှိုက်များ၊ ခြုံနွယ်များ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် မူလ မြို့တွင်း ရေတွင်းရေမြောင်းများ ပြန်လည်တူဖော်ခြင်း ဆောင်ရွက်လျက်ရှိသည်။
တောင်ငူမြို့သည် ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ခဲ့သည့် တောင်ငူမင်းဆက်များ၏ ထီးမွေ နန်းမွေနှင့် တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုပြယုဂ်များ တည်ရှိလျက်ရှိရာ ဒေသတစ်ခုဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၏ အရှေ့မြောက်ဘက်အစွန် စစ်တောင်းမြစ်နံဘေးတွင် အချက်အချာကျသော မြို့ဖြစ်ခြင်း၊ ရန်ကုန်-မန္တလေး ကားလမ်းနှင့် ရန်ကုန်-မန္တလေးရထားလမ်းတို့ ဖြတ်သန်းသွားသည့်အပြင် အရှေ့ဘက်တွင် ကရင်ပြည်နယ် သံတောင်မြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့၊ မြောက်ဘက်တွင် နေပြည်တော် စသည်တို့နှင့် ထိစပ်လျက်ရှိပြီး ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလုပ်ငန်းတို့အတွက် အရေးပါပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံကောင်းများ ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်၍ တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေး ဒေသတစ်ခုအဖြစ် ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင်နေသည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
#MNP #News





No comments:
Post a Comment