နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က EAO များကို ကျွန်တော်ပြောချင်တယ်၊ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် လာခဲ့ပါ၊ ဘာကြိုတင်သတ်မှတ်ချက်မှမရှိဘဲ ကျွန်တော်တို့ ဆွေးနွေးမယ် ဟု ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က EAO များကို ကျွန်တော်ပြောချင်တယ်၊ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် လာခဲ့ပါ၊ ဘာကြိုတင်သတ်မှတ်ချက်မှမရှိဘဲ ကျွန်တော်တို့ ဆွေးနွေးမယ် ဟု ပြောကြား


နေပြည်တော်၊ ဇွန် ၂၇

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးကို ယမန်နေ့က နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကျွန်တော်တို့ ပြောချင်ပါတယ်၊ EAO များကို ကျွန်တော်ပြောချင်တယ်။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် လာခဲ့ပါ။ ဘာကြိုတင်သတ်မှတ်ချက်မှမရှိဘဲ ကျွန်တော်တို့ ဆွေးနွေးမယ်” ဟုပြောကြားသည်။

နိုင်ငံတော်သမ္မတ က မိမိတို့အစိုးရတာဝန်ယူချိန်တွင် တည်ငြိမ်အေးချမ်းသည့် ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ဆောင်ရွက်မည်၊ နိုင်ငံရေးမျှော်မှန်းချက်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ကို ခိုင်မာအောင်ဆောင်ရွက်မည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည်ဟု ပါရှိပြီးဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အကြောင်းအမျိုးမျိုး ကြောင့် နောက်ကျကျန်ခဲ့သည့်နယ်မြေများကို ဖွံ့ဖြိုးတိုးတက်မှုများ ကွာဟမှုမရှိအောင်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ အချို့နယ်မြေများသည် အစွန်အဖျားဒေသများ မဟုတ်သော်လည်း ဖွံ့ဖြိုး တိုးတက်မှုနောက်ကျနေသည့်ဒေသများလည်း ရှိကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ပြောကြားရာတွင်-

“ကွာဟမှုရှိနေတဲ့ နယ်မြေတွေ ကွာဟမှုမရှိအောင် လုပ်ပေးဖို့ ဒါကတော့ ကျွန်တော်တို့ မလွဲ မသွေဆောင်ရွက်မယ့် လုပ်ငန်းတာဝန်တစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင်လည်း တည်ငြိမ်အေးချမ်းရေးက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရသစ်တာဝန်ယူတဲ့အချိန်မှာ ကျွန်တော့်တိုင်းပြည် ငြိမ်းချမ်းအောင်လုပ်မယ်။ ဖွံ့ဖြိုးတိုးတက် အောင်လုပ်မယ်။ ကျွန်တော် ၅ နှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်မယ်လို့ ကျွန်တော်ပြောခဲ့တယ်။ ရက်ပေါင်း ၁၀၀ နဲ့ပတ်သက်ပြီး ကျွန်တော်ပြောတဲ့ အချိန်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေ လုပ်ခဲ့ပါတယ်။ အခုလည်း ထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့ အစိုးရကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ။ တိုင်းရင်းသားလက်နက်ကိုင် ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှ မထားဘူး။ ငြိမ်းချမ်းရေးအတွက် လာပြီးဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ဒါကိုထပ်ပြီးတော့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့က ရက်ပေါင်း ၁၀၀ စီမံချက်ထဲမှာ ထည့်ထားတာ။ ရက်ပေါင်း ၁၀၀ အတွင်းမှာ ကျွန်တော်တို့ အကောင်အထည်ဖော်ဖို့ ပြောထားတာ။ သို့သော်လည်းပဲ တချို့ကျတော့လည်း ဒါကိုကြိုတင်ကန့်သတ်ချက်မရှိဘူးဆိုပြီးတော့ ရက် ၁၀၀ လို့ ပြောထားတယ် ဆိုပြီးတော့ ပြောကြတာ။ ရက် ၁၀၀ အတွင်းမှာ ဒါလုပ်တဲ့အတွက်ကြောင့် ဒါလည်း Precaution လို့ ယူဆ၊ စကားကိုပေါက်ပေါက်ရှာရှာပြောတယ်။ ဒါကပ်ပြီးတော့လုပ်တာ။ တကယ်ငြိမ်းချမ်းရေး လိုချင်ရင် ဒီနေ့ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ရောက်လာလိမ့်မယ်။ ငြိမ်းချမ်းရေးမလိုချင်ရင်တော့ အကြောင်းပြပြီးတော့ အချိန်ဆွဲမှာ။ ကျွန်တော် ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ပါတယ်၊ လာပါ၊ ပြုပါ ဆိုတာ ကျွန်တော်တို့လုပ်လို့ရတယ်။ တကယ်လည်း ကျွန်တော်လုပ်ချင်ပါတယ်။ အခု ကျွန်တော်ရတဲ့ Channel တိုင်းကနေ ကျွန်တော်ရအောင် ကြိုးစားတယ်။ ကျွန်တော်ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရဖို့ဆိုရင် ဘာပဲဘယ်လောက်ကုန်ကုန် ငါလုပ်မယ်လို့ ပြောတယ်။ တိုင်းပြည်ကို ကောင်းစေချင်တယ်။ ကျွန်တော်တို့ နောက်ကျကျန်ခဲ့တယ်ဗျ။ ဒါစဉ်းစားကြည့်ပါ။ ကျွန်တော်တို့မှာ ခြေလှမ်းရှေ့တိုးတယ်ဆိုမှ အချုပ်အနှောင်နဲ့ ချုပ်နှောင်ထားတဲ့ ခြေလှမ်းနဲ့ ရှေ့တိုးနေရတာ။ တကယ်တော့ မရောက်ဘူး။ ခုနအချုပ်အနှောင်ဆိုတာ ပြဿနာတွေနဲ့ ချုပ်နှောင်ထားတာ။ အခက်အခဲတွေနဲ့ ချုပ်နှောင်ထားတာ။ ကျွန်တော်တို့မှာ လွတ်လွတ်လပ်လပ်မရှိဘူး။ ပြောရ ရင်တော့ဗျာ မြင်းဇောင်းထဲက ထွက်လာတဲ့မြင်းလို တစ်ခါတည်းဝုန်းဝုန်းဝုန်းဆိုပြီး ထွက်သွားချင်တာ။ ဒီလိုသွားချင်တာ။ အခုကမသွားနိုင်ဘူး။ အတားအဆီးတွေရှိနေတယ်။ အဲဒီအတားအဆီးတွေက ပဋိပက္ခတွေပါ။ နိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတယ်။ ကျွန်တော်တို့က ဒါကိုပြတ်အောင်၊ ရှင်းအောင်လုပ်ဖို့လိုတယ်။ ဒါကြောင့် ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကျွန်တော်တို့ ပြောချင်ပါတယ်၊ EAO များကို ကျွန်တော်ပြောချင်တယ်။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် လာခဲ့ပါ။ ဘာကြိုတင်သတ်မှတ်ချက်မှမရှိဘဲ ကျွန်တော်တို့ ဆွေးနွေးမယ်” ဟုပြောကြားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)