မြန်မာ့ကောက်ညှင်းဆန်အား တရုတ်နိုင်ငံမှ Blacklist လုပ်သည်ဆိုသော ဖော်ပြချက်သည် မှန်ကန်ခြင်း မရှိပါကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က သတင်းထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့ကောက်ညှင်းဆန်အား တရုတ်နိုင်ငံမှ Blacklist လုပ်သည်ဆိုသော ဖော်ပြချက်သည် မှန်ကန်ခြင်း မရှိပါကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က သတင်းထုတ်ပြန်





မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က သတင်းထုတ်ပြန်ကြေညာချက်အမှတ် (၀၇/ ၂၀၂၆) ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက် “ကောက်ညှင်းဆန် ပြည်ပတင်ပို့မှုနှင့် ပတ်သက်၍ ရှင်းလင်းထုတ်ပြန်ချက်” ထုတ်ပြန်ရာတွင် မြန်မာ့ကောက်ညှင်းဆန်အား တရုတ်နိုင်ငံမှ Blacklist လုပ်သည်ဆိုသော ဖော်ပြချက်သည် မှန်ကန်ခြင်း မရှိပါကြောင်း ထုတ်ပြန်ထားသည်။

ကောက်ညှင်းဆန် ပြည်ပတင်ပို့မှုနှင့် ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြနေမှုများ အပေါ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် အောက်ပါအတိုင်း ရှင်းလင်းထုတ်ပြန်အပ်ပါသည်-

(၁) မြန်မာနိုင်ငံအနေဖြင့် ကောက်ညှင်းဆန်နှင့် ကောက်ညှင်းဆန်ကွဲများကို ဥရောပနိုင်ငံများ၊ အာရှနိုင်ငံများ (အထူးသဖြင့် Belgium, Indonesia, Netherlands, France, Cyprus, Japan နှင့် India နိုင်ငံများ) ထံသို့ နှစ်စဉ် ပုံမှန်တင်ပို့မှု ရှိပါသည်။

(၂) ကောက်ညှင်းဆန်သည် မြန်မာ့ရိုးရာအစားအစာများ၊ မြန်မာမုန့်များအတွက် သုံးစွဲမှုများခြင်း၊ ကောက်ညှင်းစိုက်ပျိုးမှု ဧရိယာဧက နည်းပါးခြင်းတို့ကြောင့် နှစ်စဉ်ထုတ်လုပ်/ ထွက်ရှိမှုသည် ပြည်တွင်း စားသုံးမှုကိုသာ ဦးစားပေး ဖြည့်တင်းပေးနေရပြီး၊ ပြည်တွင်းဈေးကွက်ဈေးနှုန်းနှင့် ပြည်တွင်း ဝယ်လိုအား မြင့်မားသော ဆန်အမျိုးအစား ဖြစ်ပါသည်။ ယခင်နှစ်က ကောက်ညှင်းဆန် ဈေးနှုန်းသည် တစ်အိတ်လျှင် ကျပ် (၂) သိန်းနီးပါးမှ (၂) သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့၍ နိုင်ငံတကာ ဈေးကွက် ဈေးနှုန်းများထက် ပို၍ မြင့်မားသော အခြေအနေ ဖြစ်ခဲ့ပါသည်။ ယခုနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်တွင်းဈေးကွက်၌ အရည်အသွေးပေါ် မူတည်ပြီး တစ်အိတ်လျှင် ဈေးနှုန်း ကျပ် (၈၅၀၀၀) ဝန်းကျင် မှ ကျပ် (၁၀၀၀၀၀) ဝန်းကျင် ဖြစ်ပါသည်။

(၃) နိုင်ငံတော်၏ လမ်းညွှန်မှုနှင့်အညီ တန်းမြင့်ဆန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် မြန်မာ့ပေါ်ဆန်း အပါအဝင် တန်းမြင့်ဆန်များဖြစ်သည့် Super 0%, Super 5%, 10% အဆင့်အတန်းများ နှင့် ပေါင်းဆန်၊ ဆန်မွှေး၊ ကောက်ညှင်းဆန်တို့ကို တိုးမြှင့်တင်ပို့နိုင်ရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် အထူးဦးစားပေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

(၄) တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် အထက်အပိုဒ် (၁) ပါ နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုး ထုတ်လုပ်သော ကောက်ညှင်းဆန်၊ ဆန်ကွဲများကို ပိုမိုတိုးမြှင့် ဝယ်ယူလိုကြပြီး၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အနေဖြင့် ကောက်ညှင်းဆန် စိုက်ပျိုးထုတ်လုပ်မှုနှင့် တင်ပို့မှုကို တိုးမြှင့်ဆောင်ရွက်ရန် ကြိုးပမ်းလျက် ရှိပါသည်။ မြန်မာကောက်ညှင်းဆန်၏ အစေးဓါတ်သည် ထိုင်း၊ လာအို ကောက်ညှင်း ဆန်တို့လောက် မစေးသဖြင့် မျိုးထုတ်လုပ်မှုမှ စတင်ပြီး ပြင်ဆင်ဆောင်ရွက်ရမည့် အခြေအနေ ဖြစ်ပါသည်။

(၅) ကောက်ညှင်းဆန်ကို ယခုနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် (ဧပြီ၊ မေ၊ ဇွန်) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ တန်ချိန် (၂၆၀၀) တန်၊ အမေရိကန်ဒေါ်လာ (၁.၁) သန်း တန်ဖိုးကို တင်ပို့ထားပါသည်။ ကောက်ညှင်းဆန်သည် တစ်တန်လျှင် USD (၅၅၀) ဝန်းကျင်၊ ကောက်ညှင်းဆန်ကွဲသည် တစ်တန်လျှင် USD (၄၃၀-၄၄၀) ဝန်းကျင် ဖြစ်၍ ဈေးကောင်းရသော တန်းမြင့်ဆန် အမျိုးအစား ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ဝယ်လက် (Buyer) များ အနေဖြင့် မြန်မာနိုင်ငံမှ ကောက်ညှင်းဆန် အပါအဝင် ဆန်၊ ဆန်ကွဲ မျိုးစုံကို ဝယ်ယူလျက် ရှိပြီး၊ ၂၀၂၅-၂၀၂၆ တွင် တန်ချိန် (၁၂၃၅၉၃၃) တန်၊ အမေရိကန် ဒေါ်လာ (၃၉၄) သန်း တန်ဖိုးကို ဝယ်ယူထားပါသည်။

(၆) လူမှုကွန်ယက်တွင် ရေးသားဖော်ပြထားသော မြန်မာ့ကောက်ညှင်းဆန်အား တရုတ်နိုင်ငံမှ Blacklist လုပ်သည်ဆိုသော ဖော်ပြချက်သည် မှန်ကန်ခြင်း မရှိပါကြောင်းနှင့် ဆန်၊ ဆန်ကွဲ ပြည်ပ တင်ပို့ရာတွင် နိုင်ငံတကာအရည်အသွေးစစ်ဆေးသည့် Third Party Inspection များ (SGS, Cotecna, BV, ISC, OMIC စသော စစ်ဆေးရေးအဖွဲ့များ) ၊ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် CCIC အဖွဲ့၏ စစ်ဆေးမှုများဖြင့် အလေးချိန် (Weight) ၊ အရည်အသွေး (Quality) နှင့် အခြား (ရူပ/ ဓါတု) စစ်ဆေးမှုများကို ဆောင်ရွက် ပြီးပါမှ တင်ပို့ရောင်းချခြင်း ဖြစ်ပါသည်။

(၇) ပြည်ပတင်ပို့ခြင်းတွင် ရောင်းသူဝယ်သူ စာချုပ်ချုပ်ဆိုပြီး စာချုပ်အရ ဈေးနှုန်း၊ အရည်အသွေးတို့ကို နှစ်ဖက် သဘောတူညီမှုဖြင့် Third Party အရည်အသွေး စစ်ဆေးရေးအဖွဲ့များ၏ လက်မှတ် (Certificate) များ ရယူဆောင်ရွက်ရသလို နိုင်ငံတော်အစိုးရဘက်မှလည်း Pre-shipment နှင့် Post-shipment Inspection များ၊ Sanitary & Phyto-sanitary စစ်ဆေးမှုများဖြင့် နိုင်ံတကာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်ပတင်ပို့ ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။

(၈) နိုင်ငံတော်၏ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ တန်းမြင့်ဆန် (High Quality Rice) များ ထုတ်လုပ် တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး၊ လွန်ခဲ့သော (၄) နှစ်အတွင်း မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှု အခြေအနေ နှိုင်းယှဉ်ဖော်ပြချက်အား လေ့လာ နိုင်ရေး ပူးတွဲထုတ်ပြန်ပေးထားပါသည်။ ဆန်ပြည်ပတင်ပို့မှုနှင့် ပတ်သက်၍ လစဉ် ထုတ်ပြန်ချက်များ ကို အသင်းချုပ်၏ Facebook Page တွင် ပုံမှန်ထုတ်ပြန်ပေးလျက် ရှိပါသည်။ သိရှိလိုသည်များ ရှိပါက အသင်းချုပ်၏ ရုံးဖုန်းနံပါတ် ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆-၆၈၊ Email: admin@mrf.com.mm သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်းနှင့် နိုင်ငံတကာဈေးကွက်သို့ ပိုမို တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အပြုသဘောဖြင့် ဝေဖန်ဆန်းစစ် အကြံပြုနိုင်ပါကြောင်း၊ သတင်းမှားများ၊ အချက်အလက် ခိုင်လုံမှု မရှိသော ဖော်ပြချက်များ ပေါ်ထွက်ပါက ဆက်သွယ် အတည်ပြုချက် ရယူပြီး သတင်းမှန်၊ အခြေအနေမှန်ကို ဖော်ပြသင့်ပါကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က ရှင်းလင်းထုတ်ပြန်ထားသည်။


#News #MNP 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)