ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကလေး-ဖလမ်း-ဟားခါးလမ်း တောင်ပြိုမြေစာ ဖယ်ရှားရှင်းလင်းနေမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကလေး-ဖလမ်း-ဟားခါးလမ်း တောင်ပြိုမြေစာ ဖယ်ရှားရှင်းလင်းနေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇူလိုင် ၂၅

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့်အတူ ၂၃-၇-၂၀၂၆ရက်နေ့က ကလေး-ဖလမ်း-ဟားခါး လမ်းမိုင် (၇၈/၇-၇၉/၂) အကြား လမ်းသားနိမ့်ကျ သောနေရာအားကျောက်ပွဖြည့် ခင်းခြင်းနှင့် မိုင် (၈၂/၀ - ၈၂/၃) အကြား တောင်ပြိုမြေစာ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစဉ် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများအား ပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများကို ဦးစားပေးအလိုက် ဆောင်ရွက်သွားရန်၊ မိုးရာသီတွင် လမ်းမပေါ်၌ ရေမတင်စေရေး အလေးထား ဆောင်ရွက်ရန်၊ တောင်ပေါ်ဒေသလမ်းဖြစ်သည့်အတွက် မိုးတွင်းတွင်တောင်ပြို၍ လမ်းပြတ် တောက်မှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ဖလမ်းမြို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း၌ သင်တန်းကျောင်း ပတ်ဝန်းကျင်နှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများမှ ပြန်လည်အသုံးပြုနိုင်သော ဆယ်တင်ပစ္စည်းများဖြစ်သည့် သွပ်များ၊ သစ်သားများ၊ သံပန်း၊ သံတံခါးများ၊ တံခါးပြတင်းရွက်များ၊ ကျည်းပေါင်များ၊ ရေသန့်နှင့် လျှပ်စစ်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းထားရှိရန် တာဝန်ရှိသူများ အားမှာကြားကာ သင်တန်းကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၊ အုပ်ချုပ်မှုရုံးခန်း၊ စာသင်ဆောင်၊ စားရိပ်သာ၊ အိပ်ဆောင်တို့ကို ကြည့်ရှုသည်။

ယင်းနောက် ဖလမ်းမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ယနေ့အထိ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့များတွင် အခြေခံပညာကျောင်းပေါင်း ၂၈၈ ကျောင်း ဖွင့်လှစ်နိုင်၍ သင်ကြားရေးဆရာ ဆရာမ ၁၂၅၁ ဦးဖြင့် အခြေခံပညာ ကျောင်းသား ကျောင်းသူ ၂၁၇၅၈ ဦးကို ပညာသင်ကြားပေးလျက်ရှိပြီး ပညာရေး (စီမံ) ဝန်ထမ်း ၅၂၉ ဦးဖြင့် ဌာနဆိုင်ရာလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ နိုင်ငံတော်ကထောက်ပံ့သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ခဲတံနှင့် ဘောပင်များလည်း ရောက်ရှိဖြန့်ဝေပေးပြီးဖြစ်သည်။

ထို့အတူ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့များတွင် မြို့နယ်ပြည်သူ့ဆေးရုံများဖွင့်လှစ်၍ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း ၂၈၅ ဦးဖြင့် လူနာပေါင်း ၁၄၂၅၉ ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ပြီး နိုင်ငံတော်က ထောက်ပံ့သော ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ကုသရေးပစ္စည်းများနှင့် ဆေးဝါးများလည်း ရောက်ရှိနေပြီဖြစ်သည်။

အလားတူ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့များတွင် နိုင်ငံတော်က ဆန်အိတ် ၁၀၀၀၊ စားသုံးဆီ ပိဿာ ၆၁၆၀၊ ဘိလပ်မြေ အိတ် ၄၀၀၊ သွပ် ၆၇၅၆ ချပ်၊ သွပ်ရိုက်သံ ဖာ ၂၀၊ လူ/ကယ်/ ပြန်ပစ္စည်း အစုံ ၆၀၀ ကို နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ထောက်ပံ့ပေးအပ် ပြီးဖြစ်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)