ဇူလိုင် - ၁၇ ( သောကြာနေ့ )
အယ်လ်ဂျီးရီးယားနိုင်ငံ မြို့တော်မှာရှိတဲ့ မိဘမဲ့ဂေဟာတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကြာသပတေးနေ့မှာ အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။
မီးလောင်မှုဟာ မြို့တော် အယ်လ်ဂျီးယားစ် ရဲ့ အရှေ့ဘက်ခရိုင်ဖြစ်တဲ့ မိုဟာမက်ဒီယာမှာရှိတဲ့ အစိုးရပိုင် ကလေးစောင့်ရှောက်ရေးဂေဟာရဲ့ အိပ်ဆောင်တစ်ခုထဲမှာ အရုဏ်မတက်ခင် အချိန်ပိုင်းက စတင်လောင်ကျွမ်းခဲ့တာပါ။ ကလေးငယ်တွေထဲက ၁၀ ဦးဟာ မီးလောင်ဒဏ်ရာ အနည်းနဲ့အများ ရရှိခဲ့ပြီး၊ ၂ ဦးကတော့ အသက်ရှူရခက်ခဲတဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။ ကျန်တဲ့ ၇ ဦးကတော့ "စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် တုန်လှုပ်ခြောက်ခြားမှု" ကြောင့် ဆေးကုသမှု ခံယူခဲ့ရတယ်လို့ အယ်လ်ဂျီးရီးယား ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် အထူးပြုစုစောင့်ရှောက်ဖို့ လိုအပ်သူ (စွမ်းရည်မပြည့်စုံသူ) ၅ ဦးကိုလည်း ဘေးကင်းရာကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး မီးသတ်သမားတွေကတော့ မီးငြှိမ်းသတ်ဖို့ ဆက်လက်ကြိုးပမ်းခဲ့ကြတယ်လို့ အဆိုပါအဖွဲ့က ပြောပါတယ်။
မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားလို့ ဇီရယ်လ်ဒါဆေးရုံနဲ့ အယ်လ်ဂျီးယားစ်မြို့က မူစတာဖာ ပါရှာ တက္ကသိုလ်ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေရတဲ့ လူနာတွေဆီ ဝန်ကြီးချုပ် ဆီဖီ ဂရစ်ဘ် သွားရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။
တရားဝင် ထုတ်ပြန်ချက်အရ ဝန်ကြီးချုပ် ဂရစ်ဘ်ဟာ အယ်လ်ဂျီးရီးယား သမ္မတ အက်ဘ်ဒဲလ်မတ်ဂျစ် တက်ဘွန် ကိုယ်စား သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရကြောင်း ပြောကြားခဲ့သလို၊ နိုင်ငံတော်အနေနဲ့လည်း ဒီဖြစ်စဉ်ကြောင့် ထိခိုက်ခံစားရသူတွေနဲ့အတူ တသားတည်း ရပ်တည်သွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment