ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကညင်ရေလှောင်တမံမှ ၁၀ ဒသမ ၅ မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကညင်ရေလှောင်တမံမှ ၁၀ ဒသမ ၅ မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းအား ကြည့်ရှုစစ်ဆေး










ပုသိမ်၊ ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကညင်ရေလှောင်တမံတွင် Kanyin Hydro Power Co.,Ltd က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၁၀ ဒသမ ၅ မဂ္ဂါဝပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းခွင်သို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စီမံကိန်းလုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ရောက်ရှိ၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၉) ညွှန်ကြားရေးမှူးက ရေလှောင်တမံအတွင်းသို့ ရောက်ရှိရေမှတ်နှင့် ရေဝင်ရောက်မှုအခြေအနေ၊ ရေအားလျှပ်စစ်တည်ဆောက်ခြင်းလုပ်ငန်း၏ ရေယူအဆောက်အဦတည်ဆောက်ပြီးစီးမှု၊ ဖိအားမြှင့် သံမဏိ ပိုက်လိုင်းတပ်ဆင်ပြီးစီးမှု၊ ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ပြီးစီးမှု၊ လျှပ်စစ်ဓာတ်အား ပေးပို့မည့် 33 kV ဓာတ်အားလိုင်းတည်ဆောက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ရေအားလျှပ်စစ်စက်ရုံသို့သွားရောက်၍ တာဘိုင်နှင့်ဂျင်နရေတာများတပ်ဆင်ပြီးစီးမှုတို့ကို လိုက်လံ ရှင်းလင်းပြသပြီး မိုးရာသီ၌ ရေအားလျှပ်စစ်တပ်ဆင်အင်အား(၃.၅ မဂ္ဂါဝပ် x ၃ လုံး)၏ ဓာတ်အား ထုတ်လုပ်ရေးကို စက်စွမ်းအားပြည့်ထုတ်လွှတ်နိုင်ပြီး နွေရာသီတွင် ရေလှောင်တမံအတွင်းရှိသိုလှောင်ရေများကို နွေစပါးစိုက်ပျိုးရေးအတွက် လိုအပ်မည့်စိုက်ပျိုးရေလိုအပ်ချက်ပေါ်မူတည်၍ စက်လည်ပတ်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ကညင်ရေလှောင်တမံရှင်းလင်းဆောင်သို့ရောက်ရှိ၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၉) ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ရေလှောင်တမံများ၊ ကညင်ရေလှောင်တမံ၏ အချက်အလက်များ၊ ပင်မရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့် ရေလွှဲဆည်ဆိုင်ရာ အချက်အလက်များ၊ ကညင်ရေလှောင်တမံ ဆည်ရေသောက်စနစ်နှင့် နှစ်အလိုက် နွေစပါးတိုးတက်စိုက်ပျိုးနိုင်မှု အခြေအနေများ၊ တမံ၏ နှစ်အလိုက် မိုးရေချိန်၊ ဝင်ရေ၊ ထွက်ရေ အခြေအနေများနှင့် ရေလှောင်တမံနှင့် ဆက်စပ်အဆောက်အဦများ ဘေးကင်းလုံခြုံရေးအတွက် စောင့်ကြပ်တာဝန်ချထားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ Kanyin Hydro Power Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ၃ ဒသမ ၅ မဂ္ဂါဝပ်ထွက်ရှိမည့် Horizontal Francis Turbine သုံးလုံးဖြင့် စုစုပေါင်း ၁၀ ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ်မည့် အခြေအနေနှင့် နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၅ ဒသမ ၇၇၄ သန်း ထုတ်လုပ်နိုင်မည့်အခြေအနေများ၊ နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်ထားမှုအခြေအနေများ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုကဲ့သို့ ကညင်ရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ထုတ်လုပ်နိုင်တော့မည်ဖြစ်၍ ဒေသ၏ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ လျှပ်စစ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကညင်ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် ဓာတ်အားများကို အမျိုးသားဓာတ်အားကွန်ရက်စနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ရေးအတွက် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့တွင် တည်ဆောက်လျက်ရှိသည့် ၃၃/၆၆ ကေဗွီ ဓာတ်အားခွဲရုံ ဆောက်လုပ်ပြီးစီးမှုနှင့် ၆၆ ကေဗွီ မြန်အောင်-ဟင်္သာတ အမှတ် (၁) ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ၁၀ ဒသမ ၅ မဂ္ဂါဝပ် ကညင်ရေအားလျှပ်စစ်စီမံကိန်းသည် ဆည်ရေသောက် စိုက်ပျိုးရေးကို အထောက်အကူပြုရုံမျှမက လျှပ်စစ်ဓာတ်အားပါ ပေါင်းစပ်ထုတ်လုပ်နိုင်သဖြင့် စိုက်ပျိုးရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် များစွာအကျိုးပြုမည်ဖြစ်ပြီး စီမံကိန်းမှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ ဒသမ ၇၇၄ သန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ အိမ်ထောင်စုတစ်စုလျှင် လစဉ် ၁၀၀ ယူနစ်ခန့် အသုံးပြုမည်ဟု တွက်ချက်ပါက အိမ်ထောင်စုပေါင်း ၁၀၅၀၀ ခန့်အတွက် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)