ဇူလိုင် - ၁၂ ( တနင်္ဂနွေနေ့ )
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က မဟာဗျူဟာမြောက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြား ကို သင်္ဘောတွေ သွားလာလို့မရအောင် အချိန်အကန့်အသတ်မရှိ ဆက်ပိတ်ထားမယ်လို့ ကြေညာပြီး မကြာခင်မှာပဲ၊ အမေရိကန်ဘက်က ဒီတစ်ပတ်အတွင်း အီရန်နိုင်ငံအပေါ် တတိယအကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်မှုတွေကို ထပ်မံလုပ်ဆောင်လိုက်ပါတယ်။
ဒီလို တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာတာကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့တုန်းက နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ (MoU) ဟာ အခြေအနေ တင်းမာပျက်ပြားလုနီးပါး ဖြစ်သွားခဲ့ပါတယ်။ အဲဒီသဘောတူညီချက်ဟာ ရေရှည်အပစ်အခတ်ရပ်စဲရေးဆီ ဦးတည်ဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အချိန်ပိုရအောင် ရည်ရွယ်လုပ်ဆောင်ခဲ့တာပါ။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ ဒေသစံတော်ချိန် စနေနေ့ညနေပိုင်း ထုတ်ပြန်ချက်အရ - IRGC ဘက်က ဆိုက်ပရပ်စ် နိုင်ငံအလံလွှင့်ထူထားတဲ့ GFS Galaxy ကုန်တင်သင်္ဘောကို "အတင်းအဓမ္မ" တိုက်ခိုက်ခဲ့လို့ သင်္ဘောရဲ့ စက်ခန်းထဲမှာ မီးလောင်ကျွမ်းခဲ့ရပြီးတဲ့နောက်၊ အခုလို တိုက်ခိုက်မှုအသစ်တွေကို ပြန်လုပ်ခဲ့ရတာလို့ ဆိုပါတယ်။ လက်ရှိမှာတော့ သင်္ဘောသားတစ်ဦး ပျောက်ဆုံးနေတယ်လို့လည်း CENTCOM က ပြောထားပါတယ်။
အမေရိကန်စစ်တပ်က ဆက်ပြီးတော့ "အရပ်ဘက်ရေလုပ်သားတွေနဲ့ ကုန်တင်သင်္ဘောတွေ ဟော်မုဇ် ရေလက်ကြား ကို လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားလာနိုင်ဖို့အတွက် အီရန်ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေကို ကျနော်တို့ဘက်က ဆက်တိုက်ချေမှုန်းသွားမှာဖြစ်ပြီး အီရန်အနေနဲ့ ဒီအတွက် တန်ဖိုးကြီးကြီးမားမား ပြန်ပေးဆပ်ရပါလိမ့်မယ်" လို့လည်း သတိပေးပြောကြားထားပါတယ်။
တိုက်ခိုက်မှုတွေ စတင်ပြီးတဲ့နောက်မှာ အမေရိကန် စစ်ရေးဝန်ကြီး ပီတီ ဟက်ဂ်ဆက်သ် က "အီရန်ဟာ ရွေးချယ်မှုအမှားတစ်ခုကို လုပ်ခဲ့တာပဲ။ အခုတော့ သူတို့ ပြန်ပေးဆပ်နေရပြီ" လို့ အိတ်စ် (တွစ်တာ) ပေါ်မှာ ရေးသားခဲ့ပါတယ်။ မနေ့ကတိုက်ခိုက်မှုမှာ အမေရိကန်စစ်တပ်ဟာ ဒုံးကျည်နဲ့ ဒရုန်းစခန်းတွေ၊ ခဲယမ်းမီးကျောက် သိုလှောင်ရုံတွေနဲ့ ရေဒါတပ်ဆင်မှုတွေ အပါအဝင် ပစ်မှတ်ပေါင်း ၁၄၀ ဝန်းကျင်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အီရန်ရုပ်သံလိုင်း Press TV ရဲ့ ဖော်ပြချက်အရ နိုင်ငံတောင်ပိုင်းက ချာဗာဟာ၊ ဘူရှဟာ နဲ့ ဆီရစ်ခ် ဆိပ်ကမ်းမြို့ တွေမှာ တိုက်ခိုက်ခံရမှုတွေ ရှိခဲ့ပြီး အဲဒီနေရာတွေဟာ ဒီတစ်ပတ်အစောပိုင်းတုန်းကလည်း တိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် တီဟီရန်မြို့တော်အပေါ်မှာလည်း လေကြောင်းရန်ကာကွယ်ရေး စနစ်တွေ အလုပ်လုပ်ခဲ့ရတယ်လို့ သိရပါတယ်။ အီရန်ဘက်ကလည်း ပင်လယ်ကွေ့နိုင်ငံတွေကို ဒုံးကျည်တွေနဲ့ ပြန်လည် ပစ်ခတ် တုံ့ပြန်ခဲ့တာကြောင့် ကာတာ ၊ ယူအေအီး နဲ့ ဘာရိန်း နိုင်ငံတွေမှာ လေကြောင်းရန် သတိပေးချက် တွေ ထွက်ပေါ်ခဲ့ပါတယ်။
IRGC ဘက်ကတော့ ဂျော်ဒန်နိုင်ငံမှာရှိတဲ့ ပရင့်စ်ဟာဆန် လေတပ်အခြေစိုက်စခန်းက အမေရိကန်ရဲ့ MQ-9 Reaper ဒရုန်းတွေထားတဲ့ ကွပ်ကဲမှုစင်တာနဲ့ လေယာဉ်ရုံတွေကို "ဖျက်ဆီး" ပစ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အိုမန်နိုင်ငံ ဒူးကမ်ဆိပ်ကမ်းမှာရှိတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောတွေအတွက် ထောက်ပံ့ရေးနဲ့ ဆီဖြည့်တင်းရေးစခန်းကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ IRGC က ထပ်လောင်းပြောကြားထားပါတယ်။ အီရန်စစ်တပ်ဟာ ကူဝိတ်နိုင်ငံမှာရှိတဲ့ အမေရိကန်ရဲ့ ပက်ထရီယော့တ် လေကြောင်းရန်ကာကွယ်ရေးစနစ်၊ ခဲယမ်းမီးကျောက်သိုလှောင်ရုံနဲ့ ရေဒါစခန်းတစ်ခုအပြင်၊ ဘာရိန်းနိုင်ငံမှာရှိတဲ့ ရေဒါစခန်းတစ်ခုကိုပါ ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Ref - RT
#MNP #News

No comments:
Post a Comment