ဇူလိုင် - ၁၂ ( တနင်္ဂနွေနေ့ )
အိန္ဒိယနိုင်ငံဟာ တရုတ်စမတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီ ဗီဗို (Vivo) နဲ့ အိန္ဒိယရဲ့ မူလပစ္စည်းထုတ်လုပ်သူ (OEM) ဖြစ်တဲ့ ဒစ်ဆန် တက်ခ်နိုလိုဂျီ တို့ကြား ဖက်စပ်လုပ်ငန်းလုပ်ကိုင်ခွင့်ကို ခွင့်ပြုပေးလိုက်ပါတယ်။ ဒါဟာ ၂၀၂၀ ပြည့်နှစ်တုန်းက လူသေဆုံးမှုရှိခဲ့တဲ့ နယ်စပ်ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး အေးခဲသွားခဲ့ရာကနေ၊ အခုအခါမှာတော့ အရေးကြီးတဲ့ကဏ္ဍတွေမှာ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ စီးပွားရေးအရ ပိုမိုနက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ နယူးဒေလီဘက်က သတိကြီးကြီးထားပြီး သဘောတူလိုက်တဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်ပါတယ်။
နိုအီဒါ အခြေစိုက် ဒစ်ဆန်ကုမ္ပဏီရဲ့ ဒီတစ်ပတ် စတော့ဈေးကွက်တင်ပြချက်အရ သိရတဲ့ ဒီခွင့်ပြုချက်ကြောင့် ကုမ္ပဏီအနေနဲ့ အိန္ဒိယမှာ တင်ပို့မှုပမာဏအများဆုံး စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ ဗီဗိုနဲ့အတူ စမတ်ဖုန်းထုတ်လုပ်ရေးစက်ရုံတစ်ရုံကို တည်ထောင်ခွင့်ရရှိတော့မှာပါ။ ဒီဖက်စပ်လုပ်ငန်းမှာ ဒစ်ဆန်ကုမ္ပဏီက ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။
ဒါဟာ အိန္ဒိယနိုင်ငံမှာ စက်ရုံတွေလာရောက်တည်ဆောက်ထားတဲ့ တရုတ်လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ ၄ ခုကို အရေးကြီးတဲ့ လျှပ်စစ်စီမံကိန်းတွေအတွက် အစိုးရရဲ့ တင်ဒါတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုဖို့ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ခွင့်ပြုပေးလိုက်ပြီး မကြာခင်မှာပဲ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
အဲဒီ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်ကြတဲ့ TBEA Energy ၊ Nanjing Electric India ၊ New Northeast Electric India နဲ့ Taikai Electric (India) တို့ဟာ အိန္ဒိယနဲ့ ကုန်းတွင်းချင်း နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံတွေက လုပ်ငန်းတွေအနေနဲ့ အစိုးရရဲ့ ကန်ထရိုက်တင်ဒါအချို့ကို ဝင်ပြိုင်ဖို့အတွက် အိန္ဒိယအာဏာပိုင်တွေဆီမှာ မဖြစ်မနေ မှတ်ပုံတင်ရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေကနေ ကင်းလွတ်ခွင့် ရရှိခဲ့ကြတာပါ။
ဒေတာစင်တာတွေ၊ AI နည်းပညာအသုံးပြုမှုတွေနဲ့ လျှပ်စစ်ကား (EV) သုံးစွဲမှုတွေ ပိုမိုများပြားလာတာကြောင့် လာမယ့်နှစ်မှာ အိန္ဒိယရဲ့ အမြင့်ဆုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ ၃၀၀ ဂီဂါဝပ် အထိ ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
တကယ်တော့ အိန္ဒိယနိုင်ငံထဲကို အခုလို တရုတ်ကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်တာတွေကို ကိုဗစ်ကပ်ရောဂါကာလတုန်းက ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းတစ်ခုနဲ့ ကာလရှည်ကြာ ထိန်းချုပ်ကန့်သတ်ထားခဲ့တာပါ။ အဲဒီစည်းမျဉ်းအရ အရေးကြီးပြီး မဟာဗျူဟာမြောက်တဲ့ ကဏ္ဍတွေမှာ လာပြီးရင်းနှီးမြှုပ်နှံချင်ရင် အစိုးရဆီကနေ မဖြစ်မနေ ခွင့်ပြုချက်တောင်းခံရမှာ ဖြစ်ပါတယ်။
ဒီစည်းမျဉ်းကို အစပထမတုန်းကတော့ အိန္ဒိယစီးပွားရေးလုပ်ငန်းတွေကို အခွင့်ကောင်းယူပြီး သိမ်းပိုက်ခံရမယ့် ဘေးကနေ ကာကွယ်ဖို့ ရည်ရွယ်ထုတ်ပြန်ခဲ့တာပါ။ ဒါပေမဲ့ အရှေ့ဘက် လာဒက်ခ်ဒေသ၊ အမှန်တကယ် ထိန်းချုပ်မျဉ်း တလျှောက်မှာ တရုတ်နဲ့ အိန္ဒိယစစ်တပ်တွေကြား အသေအပျောက် သွေးထွက်သံယိုဖြစ်ခဲ့တဲ့ ဂယ်လ်ဝမ် နယ်စပ်ပဋိပက္ခ ဖြစ်ပွားပြီးတဲ့နောက်မှာလည်း ဒီစည်းမျဉ်းကို ဆက်လက်သက်တမ်းတိုး ကျင့်သုံးနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် အခက်အခဲတွေကြားထဲမှာ အိန္ဒိယနိုင်ငံအနေနဲ့ ပြည်တွင်းထုတ်လုပ်မှုကဏ္ဍ တိုးတက်လာအောင် လုပ်ဆောင်ဖို့အတွက် တရုတ်နိုင်ငံရဲ့ နည်းပညာနဲ့ ကျွမ်းကျင်မှုတွေကို အိန္ဒိယကုမ္ပဏီတွေ ရယူအသုံးပြုနိုင်မယ့် ပိုမိုညင်သာပျော့ပြောင်းတဲ့ ချဉ်းကပ်မှုပုံစံမျိုးကို အခုအခါမှာ ကျင့်သုံးလာတာလည်း ဖြစ်နိုင်ပါတယ်။
နယူးဒေလီမြို့ရှိ အိန္ဒိယ-တရုတ် ကုန်သွယ်ရေးစင်တာရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဗီဂျေး ကေ မစ်ရှ်ရာ က "ကျနော်တို့မှာ တရုတ်နိုင်ငံနဲ့ အင်မတန်ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု ချဉ်းကပ်ပုံမျိုး ရှိပါတယ်" လို့ RT ရုပ်သံလိုင်းကို ပြောခဲ့ပါတယ်။ ဒါ့အပြင် သူက အိန္ဒိယနဲ့ တရုတ်တို့ဟာ စီးပွားရေးအရ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန် အထောက်အကူပြုနေတဲ့ ဆက်ဆံရေးမျိုးရှိပြီး၊ အိန္ဒိယအနေနဲ့ အီလက်ထရွန်နစ်၊ ဆေးဝါးနဲ့ အခြေခံအဆောက်အအုံကဏ္ဍတွေအတွက် လိုအပ်တဲ့ နည်းပညာနဲ့ အစိတ်အပိုင်းတွေကို တရုတ်နိုင်ငံဆီကနေ ရယူနေရတာဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
Ref: RT
#MNP #News

No comments:
Post a Comment