ရှိုင်းဝဏ္ဏအောင် (အာဆီယံချန်ပီယံရှစ်အတွက် အပြီးသတ် လူစာရင်းမှာ ပါဝင်ခွင့်ရမလား) - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှိုင်းဝဏ္ဏအောင် (အာဆီယံချန်ပီယံရှစ်အတွက် အပြီးသတ် လူစာရင်းမှာ ပါဝင်ခွင့်ရမလား)


ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က ဘောလုံးပွဲတွေမှာ ဘောကောက်လုပ်ပေးနေတဲ့ ချာတိတ်လေး တစ်ယောက် ရှိခဲ့ပါတယ်။ သူတို့မြို့က ပွဲတွေမှာ တန်ဖိုးကြီးတဲ့ ဘောလုံးတွေနဲ့ ပြိုင်ပွဲတွေကျင်းပကြတာဖြစ်လို့ ဒီလို ဘောလုံးတွေကို ထိတွေ့ချင်တဲ့ ဆန္ဒနဲ့ သူက ဘောကောက်လေးတစ်ဦး ဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မန္တလေးက မြန်မာ ဘောလုံးအကယ်ဒီမီ စာသင်နှစ်သစ်အတွက် ကစားသမား ရွေးချယ်ပွဲတစ်ခု တာချီလိတ်ကို ရောက်လာပါတော့တယ်။ အခွင့်အရေးကို လက်လွတ်မခံတဲ့ ဒီချာတိတ်လေးက ကစားသမားရွေးချယ်ပွဲ ဝင်ရောက်ရွေးချယ်ခံခဲ့ရာမှာတော့ သူ့ရဲ့ ပင်ကိုယ် ထူးချွန်မှု၊ စိတ်အားထက်သန်မှုတွေနဲ့အတူ မန္တလေး အကယ်ဒမီရဲ့ ကျောင်းသားသစ်အဖြစ် ရွေးချယ်မှုအဆင့်ဆင့်ကို ကျော်ဖြတ် ရောက်ရှိခဲ့ပါတယ်။ သူက တာချီလိတ်က ရှိုင်းဝဏ္ဏအောင် ဆိုတဲ့ ကလေးငယ် တစ်ဦးပါပဲ။ 

“ပရီးမီးယားလိဂ်တို့လို ပြိုင်ပွဲတွေမှာ သုံးတဲ့ဘောလုံး အကောင်းစားတွေနဲ့ ကျွန်တော်တို့မြို့မှာ ကစားကြတော့ ဒီဘောလုံးတွေ ထိချင်တာနဲ့ ဘောကောက် သွားသွားလုပ်ပေးတာ။ ငယ်ဘဝ အိပ်မက်က ဘောလုံးသမားတစ်ယောက် ဖြစ်ပြီး မြန်မာ့လက်ရွေးစင်နဲ့အတူ အောင်မြင်ချင်တာပါ။ ဒီမှာဆို ကိုအောင်သူ၊ ကိုမောင်မောင်လွင်၊ ပြည်ပဆို ခရစ္စတီယာနို ရော်နယ်ဒို တို့ကိုအားကျပြီး သူတို့ကစားတာ အရမ်းကြိုက်ခဲ့ပါတယ်။ အိမ်မှာ အမ(၇)ဦးရှိတယ်၊ ကျွန်တော်အငယ်ဆုံး ဖြစ်ပြီးတော့ ကျွန်တော် တစ်ဦးတည်းပဲ ဘောလုံးကစားတာပါ” လို့ ရှိုင်းဝဏ္ဏအောင်က ဆိုပါတယ်။

မန္တလေး အကယ်ဒမီမှာ တက်ရောက်ပြီး မကြာခင်မှာပဲ မြန်မာ ယူ-၁၂ အသင်းနဲ့အတူ ဂျပန်ဖိတ်ခေါ်ပွဲတွေ သွားရောက် စားခွင့်ရပါတယ်။ ယူ-၁၂ ကနေ ယူ၂၂ အဆင့်ထိ တဆင့်ပြီးတဆင့် ရွေးချယ်ခံခဲ့ရသလို ဆီးဂိမ်း အပါအဝင် သက်တမ်းအလိုက် နိုင်ငံတကာ ပြိုင်ပွဲတွေမှာလည်း ပါဝင်ကစားခွင့် ရခဲ့ပါတယ်။ ပရော်ဖက်ရှင် ကစားသမားဘဝကိုတော့ လက်ရှိအချိန်မှာ သစ္စာအားမာန် အသင်းနဲ့အတူ ဖြတ်သန်းပြီး လိဂ်ပွဲစဉ်တွေမှာ ပါဝင်ကစားနေပါပြီ။ ညာတောင်ပံ တိုက်စစ်မှာ ပုံမှန်ကစားနေပေမယ့် လူငယ်အသင်းတွေမှာတော့ တိုက်စစ်မှူးအဖြစ်လည်း သူကစားခဲ့ပါတယ်။

“ပထမဆုံးအကြိမ် မြန်မာ့လက်ရွေးစင် အသင်းအတွက် ပြီးခဲ့တဲ့ ဂူအမ်၊ ဖိလစ်ပိုင် တို့နဲ့ခြေစမ်းခရီးစဉ်မှာ ပထမဆုံး ပါဝင်ကစားခွင့်ရလို့ အရမ်းပျော်ခဲ့ရပါတယ်။ ပွဲဦးထွက်မှာပဲ လက်ရွေးစင် သွင်းဂိုး တစ်ဂိုး စပြီးရခဲ့လို့လည်း ဂုဏ်ယူမိပါတယ်။ စီနီယာတွေနဲ့ လက်တွဲကစားခွင့်ရတဲ့ အတွက် အများကြီး သင်ယူရသလို လက်ရွေးစင် အတွက်လည်း သွင်းဂိုးတွေသွင်းပြီး အောင်မြင်မှုယူပေးချင်ပါတယ်။ တာချီလိတ်မြို့ရဲ့ ဂုဏ်သိက္ခာကိုလည်း မြန်မာ့လက်ရွေးစင် တစ်ဦးအဖြစ်နဲ့ မြှင့်တင်ပေးချင်ပါတယ်။ ကျွန်တော် အခု ပဏာမ လူစာရင်းကနေ အပြီးသတ်လူစာရင်းမှာ ပါဝင်ခွင့်ရဖို့ရော၊ အသင်းအတွက် သွင်းဂိုးရဖို့ရော ကြိုးစားနေပါတယ်”ဆိုပြီး သူက အိပ်မက်တွေကို ရင်ဖွင့်ပါတယ်။ 

မြန်မာ့လက်ရွေးစင် အသင်းရဲ့ ဘယ်ညာတောင်ပံခြမ်းတွေမှာ ကစားသမားကောင်းတွေ အများကြီးရှိတဲ့အတွက် စီနီယာတွေကို ကျော်ဖြတ်ပြီး ဘယ်လိုကြိုးစားပြမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ နည်းပြသစ် အန်ဒါဆင်ရဲ့ ကစားဟန်နဲ့ အံဝင်ခွင်ကျ ဖြစ်မလား၊ အာဆီယံချန်ပီယံရှစ်အတွက် အပြီးသတ် လူစာရင်းမှာ ပါဝင်ခွင့်ရမလား ဆိုတာတော့ ရှိုင်းဝဏ္ဏအောင်ကို သူချစ်တဲ့ တာချီလိတ်မြို့ခံ ဘောလုံးချစ်ပရိသတ်တွေ အပါအဝင် အားလုံးက စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

အမည်- ရှိုင်းဝဏ္ဏအောင်

အသက်- ၂၀

မွေးရပ်ဇာတိ- တာချီလိတ်

ကစားသည့်နေရာ- Right Midfield/Winger

ကလပ်- သစ္စာအားမာန်

( လက်ရှိ ပြင်ဆင်လေ့ကျင့်နေတဲ့ ပဏာမ မြန်မာ့လက်ရွေးစင် အသင်းမှာ ရှိုင်းဝဏ္ဏအောင်နဲ့အတူ မျက်နှာသစ် လူငယ် ကစားသမားတွေ၊ ယူ၂၂ အသင်းကနေ ပါဝင်လာတဲ့ ကစားသမားတွေလည်း ရှိနေပြီး မနက်ဖြန်မှာတော့ ဘယ်သူကို မိက်ဆက်တင်ပြမလဲဆိုတာ ဆက်လက်အားပေးကြဖို့ ဖိတ်ခေါ်ပါရစေ။)


Ref - MFF

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)