ပခုက္ကူ ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ဘောလုံးအဖွဲ့ချုပ်ဖလား မိုးရာသီဘောလုံးအားကစားပြိုင်ပွဲကို ဩဂုတ်လ ၉ရက်မှ စက်တင်ဘာလ ၁၂ရက်အထိ (၂၁)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ပခုက္ကူမြို့နယ်ဘောလုံးအဖွဲ့ချုပ်၏ ကြီးမှူးဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီ၊ ဒေသခံလုပ်ငန်းရှင်များ၊ ဘောလုံးဝါသနာရှင်များစုပေါင်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက် ၂၅နှစ်အောက်ဘောလုံးအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ခရိုင်ကိုယ်စားပြု ဘောလုံးအားကစားသမားကောင်းများ ရွေးချယ်နိုင်ရေး၊ ဒေသတွင်းဘောလုံးအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ အားကစားသမားများအချင်းချင်း ချစ်ခင် ရင်းနှီးမှုပိုမိုရရှိစေရေး ရည်ရွယ်ချက်များဖြင့် ခရိုင်အားကစားကွင်း၌ ဩဂုတ်လ၉ရက်မှ စက်တင်ဘာလ၁၂ရက်အထိ ပြိုင်ပွဲဖွင့်ပွဲ၊ ဆုချီးမြှင့်ပွဲများနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားအသင်း(၁၆)သင်းဖြင့် ကျင်းပ သွားမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ဘောလုံးအားကစားအသင်းများအနေဖြင့် ဇူလိုင်လ ၁၁ရက်မှ ဩဂုတ်လ ၂ရက်နေ့ အထိ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များထံ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ဆုများအနေဖြင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဖလားတံခွန်စိုက်ဒိုင်(ပထမဆု)အား ရွှေတံဆိပ်(၂၃)ဆုနှင့် ဆုကြေးငွေကျပ် သိန်း(၂၀)၊ ဒုတိယဆုအား ငွေတံဆိပ်(၂၃)ဆုနှင့် ဆုကြေးငွေကျပ် (၁၀)သိန်း၊ တတိယဆုအား ကြေးတံဆိပ်(၂၃)ဆုနှင့်ဆုကြေးငွေကျပ် ၅သိန်း၊ အနည်းဆုံးဆီးမီးဖိုင်နယ်တက် ရောက်ပြီး အသန့်ရှင်းဆုံးဆုရရှိသောအသင်းအား ဆုကြေးငွေကျပ် ၂သိန်းခွဲ၊ ပြိုင်ပွဲတစ်ပွဲတည်း ၃ဂိုးနှင့်အထက်သွင်းယူသော အားကစားသမားအား ဆုကြေးငွေကျပ် ၁သိန်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားနှင့် နေရာအလိုက်အကောင်း ဆုံးအားကစားသမား (ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမား)များအား ဆုတံဆိပ်နှင့် ဆုကြေးငွေများ ထိုက်တန်စွာပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)
#MNP #News



No comments:
Post a Comment