ကြက်ဥတစ်လုံး ၅၀၀ ကနေ ၇၀၀ အထိ ဈေးခုန်တက်သွားချိန်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ပတ်သက်လို့ အသံတွေ ထွက်လာခဲ့ပါတယ်။ နိုင်ငံတော်အစိုးရက စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်တွေ နှစ်ဆတိုးမြှင့်နိုင်ဖို့ လမ်းညွှန် ဆောင်ရွက်နေချိန်မှာ ကုန်ဈေးနှုန်းက ဘာကြောင့် အဆိုးဆုံးအခြေအနေထိ ရောက်လာနေရတာပါလဲ။
ပေါ်ပြူလာ သတင်းဌာန က (ရန်ကုန်ဈေးကွက်အတွင်း ကြက်ဥဈေးနှုန်း မြင့်တက်လာရသည့် အဓိကအကြောင်းရင်းများနှင့် လက်ရှိဈေးကွက် ကွင်းဆက်အခြေအနေ) ကို ဖော်ပြထားတာ တွေ့ရပါတယ်။
ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၌ ကြက်ဥလက်လီ/လက်ကား ဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာခဲ့ပြီး ဈေးကွက်အတွင်း တစ်လုံးလျှင် ကျပ် ၅၅၀ မှ ၇၀၀ အထိ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ မွေးမြူရေးခြံများ၏ ထုတ်လုပ်မှုစရိတ်၊ ရောဂါကျရောက်မှု၊ သယ်ယူစရိတ်စသည်အချက်များကြောင့် ဖြစ်ကြောင်း သုံးသပ်ချက် များအရ သိရကြောင်း၊
စိစစ်တွေ့ရှိရသည့် ဈေးနှုန်းဖြစ်ပေါ်မှု ကွင်းဆက် -
လက်ရှိတွင် ရန်ကုန်မြို့တွင်းသို့ ရောက်ရှိလာသည့် ကြက်ဥများကို ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှ အဓိက ထုတ်လုပ်ပေးလျက်ရှိသည်။ မွေးမြူရေးခြံများမှ ထုတ်လုပ်မှုစရိတ်မှာ ကြက်ဥတစ်လုံးလျှင် ကျပ် ၄၄၀ မှ ၄၅၀ အထိ ရှိနေပြီး -
ခြံဖမ်းဈေး (ခြံကောက်ဈေး) တစ်လုံးလျှင် ကျပ် ၄၉၀ (တစ်ကတ်လျှင် ၁၄,၇၀၀ ကျပ်)၊
ရန်ကုန်အောက်ဈေး (ပွဲရုံအရောက်) သယ်ယူစရိတ်နှင့် လုပ်သားခ ကျပ် ၅၀ မှ ၅၀ အဓိက ကုန်ကျသဖြင့် တစ်လုံးလျှင် ကျပ် ၅၂၀ အထိ ဖြစ်လာကြောင်း၊
လက်လီဆိုင်အရောက် ပွဲရုံများမှ အမြတ် ကျပ် ၁၀ နှင့် သယ်ယူစရိတ်များ ပေါင်းစပ်ကာ တစ်လုံးလျှင် ကျပ် ၅၄၀ မှ ၅၅၀ ဖြင့် လက်လီဆိုင်များသို့ ဖြန့်ဖြူးပေးကြောင်း၊
လက်လီဈေးကွက်
လက်လီဆိုင်များ၏ အထွေထွေစရိတ်၊ အမြတ်နှင့် အပျက်အစီး ပျောက်ဆုံးမှု စရိတ်များ ပေါင်းထည့်လိုက်သည့်အခါ ဈေးကွက်အတွင်း တစ်လုံးလျှင် ကျပ် ၅၅၀ မှ ၆၅၀ အထိ ဖြစ်ပေါ်ခဲ့ပြီး မြို့နယ်အချို့၌ ကျပ် ၇၀၀ အထိ ရောင်းချမှုများ ရှိခဲ့ကြောင်း၊
ဈေးနှုန်းမြင့်တက်ရသည့် အဓိကအကြောင်းအရင်းများ
၁။ မွေးမြူကောင်ရေ လျှော့ကျခြင်း - ၂၀၂၅ ခုနှစ်အတွင်း မျိုးကြက်မ လုံလောက်စွာ တင်သွင်းနိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှသာ စတင် တင်သွင်းနိုင်ခဲ့သဖြင့် လက်ရှိတွင် ဥစားကြက်မ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိသေးပေ။
၂။ ရောဂါအန္တရာယ်နှင့် ရာသီဥတု - ၂၀၂၆ ခုနှစ်ဆန်းပိုင်းမှစ၍ ရာသီဥတု ကာလအကူးအပြောင်းနှင့် ကာကွယ်ဆေး နည်းပါးမှုတို့ကြောင့် ကြက်များ ရောဂါကျရောက် သေဆုံးမှု မြင့်မားခဲ့ပြီး ဥထွက်နှုန်း လျော့ကျခဲ့သည်။
၃။ ဝယ်အား ရုတ်တရက် မြင့်တက်ခြင်း - ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်ဖြစ်ခြင်း၊ အခြားအသား/ငါး ဈေးနှုန်းများ မြင့်တက်နေသဖြင့် ဈေးနှုန်းသက်သာသည့် ကြက်ဥကို စားသုံးသူများ ပိုမိုဝယ်ယူလာကြခြင်းတို့ကြောင့် ဖြစ်သည်။ အခြားတချက်မှာ အစာဈေး တက်နေသဖြင့် ထုတ်လုပ်မှု supply chain ကျကာ လန့်ပြီး အသားအဖြစ် ထုတ်ရောင်းကြခြင်းကလည်း ဥ ထုတ်လုပ်ခြင်း ကျကာ ဈေးတက်ခြင်းဖြစ်နိုင်ချေရှိသည်။ အသားက ဥထက် ဈေးရ နေခြင်းကလည်း တိုက်ဆိုင်မှု တစ်ခုဖြစ်နိုင်သည်။ အထက်မြန်မာပြည်တွင် မွေးသော ကြက်များ ရောဂါမကျသော်လည်း ရန်ကုန်သို့ ပို့နိုင်မှု က အကြောင်းကြောင်းကြောင့် ထက်ဝက်ခန့်သာ ပို့နိုင်ခြင်းကလည်း စဉ်းစားရမည်ဖြစ်သည်။
၄။ သတင်းအချက်အလက်နှင့် စိုးရိမ်စိတ် - သတင်းမီဒီယာနှင့် လူမှုကွန်ရက်များတွင် "ကြက်ဥများ ဈေးတက်မည်/ ပြတ်လပ်မည်" ဆိုသည့် သတင်းများကြောင့် စားသုံးသူများ စိုးရိမ်စိတ်ကြောင့်ဈေးကွက်ကို ပိုမိုတွန်းအားပေးသကဲ့သို့ ဖြစ်ခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဆွေးနွေးတင်ပြချက်မှာတော့ -
ဒီရက်ပိုင်းမှာတော့ ပြည်သူလူထုတွေရဲ့ စိတ်ဝင်စားမှုတွေရော၊ လွှတ်တော်မှာ ဆွေးနွေးနေတဲ့ အချက်တွေထဲကရော ကျွန်တော် ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျော့ကျအောင် ဘယ်လိုဆောင်ရွက်မလဲ ဆိုတာကို နဲ့ ပတ်သက်လို့ ဆွေးနွေးနေကြတာကို တော်တော်များများ တွေ့ရပါတယ်။ အဲဒီတော့ ကုန်ဈေးနှုန်းကြီးမြင့်ရခြင်းရဲ့ အကြောင်းရင်းကိုတော့ နံပါတ်(၁)ကတော့ demand နဲ့ supply ပေါ့နော်၊ ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှလို့ ဈေးကြီးရတယ်ဆိုတဲ့ အချက်လည်း ဆွေးနွေးကြတာကို တွေ့ရပါတယ်။ နောက်တစ်ခုကတော့ transation cost တွေပေါ့နော်၊ ဆိုတာကတော့ဗျာ ကြားထဲမှာ ဂိတ်တွေဖြတ်သန်းရတာတွေ၊ လက်ခွဲတွေများတာတွေ အဲဒီ cost တွေ များလို့ ဈေးတက်ရတာလည်း ရှိပါတယ်။ နောက်တစ်ခုကတော့ ဝိသမလောဘသမားတွေရဲ့ တကယ်ကို မတော်လောဘကြောင့် ဈေးတက်ရတာလဲ ရှိပါတယ်။ အဲဒါတွေအားလုံးအပေါ်မှာ ခြုံကြည့်မယ်ဆိုရင်တော့ ကျွန်တော် က ဘာသာရပ်ကတော့ ကျယ်ပြန့်ပါတယ်။ အတိုပြောရမယ်ဆိုရင်တော့ system အားနည်းတယ်လို့ ပြောရမယ်။ စနစ် အားနည်းတာပေါ့။ ဆိုကြပါစို့ ထိုင်းနိုင်ငံမှာဆိုရင် မာမီးခေါက်ဆွဲတစ်ထုပ်က ထုတ်လိုက်ပြီဆိုတာနဲ့ တစ်ထုပ်ကို တစ်ဘတ်နဲ့ ထုတ်ပါမယ်။ ဘန်ကောက်မှာလဲ တစ်ဘတ်ပဲ၊ မဲဆောက်မှာလဲ တစ်ဘတ်ပဲ ရောင်းပါ့မယ်လို့ အဲဒါမျိုး သူက စနစ်နဲ့ ထုတ်ရတာ။ တကယ်လို့ ထုတ်လုပ်မှုစရိတ်မြင့်မားလာလို့ တစ်ဘတ်ကနေပြီးတော့မှ တစ်ဘတ်ခွဲတင်ချင်ပါတယ်။ တင်ချင်တိုင်း တင်လို့မရဘူး။ တော်တော်လေးကို လေးလေးနက်နက် တင်ပြပြီးတော့မှ ခွင့်ပြုချက်ရှိမှ လုပ်လို့ရတာ။ အဲဒါ စနစ် (system) ပဲ။ ကျွန်တော်တို့ ဆီမှာ အဲဒီ system မရှိဘူး။ အဲဒီတော့ transation cost တွေ များတယ်ဆိုတာလည်း မှန်ပါတယ်။ အဓိကအားဖြင့်တော့ ဝိသမလောဘသမားတွေပါ။ ဥပမာအားဖြင့် ကြက်မွေးတဲ့သူတွေက ကြက်သားကို ခြံပြတ်ဈေး ၁၅၀၀၀ နဲ့ ရောင်းတယ်ဆိုကြပါစို့၊ ဒါပေမယ့် ဈေးကွက်မှာ ရောင်းတဲ့အခါကြတော့ ၃၀၀၀၀ လောက်ဖြစ်သွားတယ်။ ဘာကြောင့်လဲ။ transation cost တွေ အရမ်းကြီးများလို့ မဟုတ်ပါဘူး။ ဝိသမလောဘတွေပေါ့၊ ကြက်ဒိုင်တွေက ကိုင်ထားတာပေါ့။ ဒီသဘော ရှိပါတယ်။ ပြန်လည်ကိုင်တွယ်ဖို့ကြတော့ system တစ်ခု ပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ ဒါ အချိန်ယူရပါတယ်။ ဒါပေမယ့် အဲဒါကို တစ်ပွဲထိုးနည်းနဲ့ ဆေးမြှီးတိုနဲ့ ကုမယ်ဆိုရင် ကုလို့ရပါတယ်။ အဲဒါက ဘာလဲဆိုရင် ထုတ်လုပ်သူတွေက တိုက်ရိုက်ရောင်းချတဲ့ စနစ်တစ်ခု ပြန်တည်ထောင်ရမယ်။ အဲဒါကတော့ အခွန်လွတ်ဈေးပဲ။ အခွန်လွတ်ဈေးတွေကို နဝတ၊ နအဖ ခေတ်က ဆောင်ရွက်ခဲ့တာ ကောင်းကောင်းမှတ်မိပါတယ်။ အဲဒါလေးများ ပြန်ပြီး ဆန်းစစ်ကြည့်ရင် အကျိုးမယုတ်နိုင်ဘူးလို့ တင်ပြအပ်ပါတယ်" လို့ ဆွေးနွေးထားပါတယ်။
ပြည်ထောင်စုဝန်ကြီး ထောက်ပြပြောဆိုသွားတဲ့ အချက်များထဲက သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များပြားခြင်း ဆိုတဲ့ အချက်ကို ဆက်စပ်ဆွေးနွေးမယ်ဆိုရင် စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းဖြစ်လို့ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်က သက်သာလာတာမျိုးတော့ မရှိပါဘူး။ ဒီထက်ဆိုးတာက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းမှာ တရားဝင်စစ်ဆေးရေးဂိတ်များကလည်း ငွေကြေးကောက်ခံမှုတွေ ရှိတယ်။ တရားမဝင် ရပ်တည်နေတဲ့ အကြမ်းဖက်အဖွဲ့များ ရှိတဲ့နေရာမှာဆိုရင် အကြမ်းဖက်အဖွဲ့များကိုလည်း ပေးနေကြရတယ်။ ဒီကုန်ကျစရိတ်တွေ အားလုံးကို စားသုံးသူတွေကပဲ ကျခံပေးရတာ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းမှာ ကုန်ကျစရိတ် သက်သာဖို့ဆိုရင် တရားဝင် စစ်ဆေးရေးဂိတ်များအနေနဲ့လည်း ပြည်သူများရဲ့ ဝန်ထုပ်ဝန်ပိုး သက်သာအောင် မတရားသဖြင့် ငွေကြေးကောက်ခံမှုတွေ မလုပ်ကြဖို့ ဖြစ်ပါတယ်။ ဒါကို သက်ဆိုင်ရာဝန်ကြီးဌာများက ထိန်းကျောင်းနိုင်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့က နေရာအပေါ် မူတည်ပြီး ငွေတောင်းတာမျိုး မလုပ်ရင် ဂိတ်တွေမှာ ဂိတ်ကြေးအဆမတန် တောင်းခံမှုတွေလည်း လျှော့ပါးသွားနိုင်ပါတယ်။
တရားမဝင် ရပ်တည်နေတဲ့ အကြမ်းဖက်အဖွဲ့များရဲ့ ငွေကြေးတောင်းခံမှုတွေကို တားဆီးနိုင်ဖို့ ဆိုရင်တော့ အကြမ်းဖက်နှိမ်နင်းရေးက တိကျ ပြတ်သား မှန်ကန်စွာ လုပ်ဆောင်မှသာ တရားမဝင်အဖွဲ့အစည်းတွေကို ပေးနေရတဲ့ ကုန်ကျစရိတ်တွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။
တချို့ကလည်း ဂိတ်တွေက အဆမတန် ငွေကြေးတောင်းခံတာတွေကို ထောက်ပြပြောဆိုတာမျိုးကို မကြိုက်ချင်ကြပါဘူး။ မကြိုက်တဲ့သူတွေကိုယ်တိုင်လည်း မြင်တွေ့နေရတာပဲ ဖြစ်ပါတယ်။ ကုန်တင်ကားကြီးများကို လက်တားပြီး ငွေကြေးတောင်းခံနေမှုတွေ မမြင်ချင်းအဆုံး မြင်တွေ့နေရတာ ဖြစ်ပါတယ်။ တောင်းတဲ့သူတွေကိုချည်း အပြစ်ပြောတာမဟုတ်ပါဘူး။ သူတို့မှာလည်း အထက်လူကို ပြန်ပြီး ပေးရ၊ ဆက်သရတာမျိုးရှိတော့ မတောင်းလို့ မရဘူးဆိုတဲ့ ပြဿနာပါ။ ပြဿနာဟာ တစ်စုံတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က လုပ်ဆောင်နေတဲ့ အဂတိလိုက်စားမှုများ လျှော့ပါးရေး အတိုင်းထက်အလွန် အောင်မြင်မယ်ဆိုရင်တော့ အထက်ဖော်ပြပါ အချက်တွေဟာ ရေးသားပြဆိုနေဖို့တောင် မလိုအပ်ပါဘူး။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ပြောတဲ့ ဝိသမလောဘသမားတွေရဲ့ ပြဿနာပါ -
ဝိသမလောဘသမားတွေရဲ့ ပြဿနာမှာလည်း စနစ်နဲ့ ဆက်စပ်နေပြန်ပါတယ်။ ဈေးတွေမှာ ကြက်ဒိုင်၊ ဝက်ဒိုင်၊ အမဲလိုင်စင် ဆိုတာတွေကို လေးလံစနစ်နဲ့ ချထားပေးတာ ဖြစ်တဲ့အတွက် လေလံကြေး များများပေးရလေ ကြက်ဒိုင်၊ ဝက်ဒိုင်တွေက မတော်လောဘနဲ့ စားသုံးသူအပေါ် ပြန်ပြီး အမြတ်တင်လေပါပဲ။ တချို့ဆိုရင် အမြတ်တင်ရုံမျှ အားမရဘဲ ကြက်ကိုရေထိုး၊ ဝက်လည်း ရေးထိုးရောင်းတဲ့ နေရာတွေ အများကြီးပါ။ သူတို့ကို လေလံပေးထားတော့ တခြားသူလည်း ရောင်းချလို့ မရပါဘူး။ လေလံပေးတဲ့နေရာမှာ ဈေးတစ်ဈေးမှာ ၃ဦးမှ ၅ဦး အထိ အပြိုင်ပေးထားမယ်ဆိုရင် စားသောက်ကုန်တွေရဲ့ အရည်အသွေးပိုင်း တိုးတက်လာနိုင်သလို ဈေးနှုန်းမြှင့်တင် ရောင်းချမှုကိုလည်း အထိုက်အလျှောက် ထိန်းကျောင်းနိုင်ပါလိမ့်မယ်။ ဒီလို ပေးရင်တောင်မှ ဝိသမလောဘသားများက အချင်းချင်း ညီညွတ်ပြီး ဈေးညှိပြီး အပြိုင်တင်ရောင်းကြရင် စက်သုံးဆီဈေးကွက်မှာ ကြုံတွေ့ရတဲ့ ပြဿနာမျိုး ကြုံရမှာပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိန်းကျောင်း စိစစ်ဖို့လည်း အခါအားလျှော်စွာ လိုအပ်ပါတယ်။
အဖြေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ က ဈေးကွက်စီးပွားရေးစနစ်နဲ့ သွားမယ်လို့ ပြဋ္ဌာန်းထားခြင်း ဖြစ်သည့်အတွက် အစိုးရက ပုဂ္ဂလိက ကဏ္ဍကို လွှဲပြောင်းပေးနေတာတွေ၊ ပုဂ္ဂလိက ကဏ္ဍတိုးတက်အောင် ကူညီပေးနေသည့်တိုင်အောင် ဝိသမလောဘသမားများရဲ့ ဒုက္ခပေးမှုတွေကလည်း ယနေ့တိုင် ရှိနေဆဲပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်တွေ နှစ်ဆတိုးမြှင့်ဖို့ လမ်းညွှန်ထားရာမှာ တိုးတက်မှုရလဒ်ဟာ ထင်သလောက် ဖြစ်မလာဘူးလို့ တွက်ဆရမှာ ဖြစ်ပါတယ်။ ဒါကို ဆန်းစစ်ပြီး တစ်နည်းတစ်ဖုံ အကောင်းမွန်ဆုံးဖြစ်အောင် တရားမဝင် ဂိတ်ကြေးတောင်းခံမှုတွေ ပပျောက်ဖို့၊ တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းတွေကို ပေးနေရတဲ့ ပြဿနာတွေ မဖြစ်ပေါ်အောင်နဲ့ ဈေးများမှာ လွတ်လပ်စွာ ယှဉ်ပြိုင်ရောင်းချခွင့်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး သွင်းအားစုများ ပြည်တွင်းမှာလည်း ထုတ်လုပ် လိုအပ်ချက်ကို ပြည်ပကလည်း တင်သွင်းခွင့်ပြု ဘက်ပေါင်းစုံက ချိန်ညှိဖြေလျှော့ပေးပါမှ ပြည်သူများ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူစားသောက်နိုင်တဲ့ အခြေအနေမျိုးကို ရောက်ရှိနိုင်ပါလိမ့်မယ်။
နောင်တော်လေး (ဘိုကလေး)
#News #MNP

No comments:
Post a Comment