နေပြည်တော်၊ ဇူလိုင် ၂၄
ကလေးနှင့် မန္တလေးတို့တွင် ငွေကျပ်နှစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅ သိန်းကျော် ဖမ်းဆီးရမိပြီး တရားခံများကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေး အကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇူလိုင် ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ကလေးမြို့အဝင်တွင် အောင်အောင်ထွန်း (ခ) အောင်ကြီး မောင်းနှင်လာသည့် SURF အမျိုးအစား မော်တော်ယာဉ်အားရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြားခြောက်သိန်း(၎င်းဒေသတန်ဖိုး ငွေကျပ် ၁ ဒသမ ၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ဇူလိုင် ၁၄ ရက်တွင် ကလေးမြို့ တာဟန်းရပ်ကွက်၌ အဆိုပါ စိတ်ကြွဆေးပြားများအား လက်ခံယူရန် ချိတ်ဆက်စောင့်ဆိုင်းနေသည့် ထောင်းရှင်းခိုင်အား PRADO အမျိုးအစား ယာဉ်တစ်စီးနှင့်လည်းကောင်း၊ မကျင်းဆန်းညောင်(ခ)မဉာဏ်(ခ)စန်းစန်း(ခ)မညောင်အား ကလေးမြို့တပ်ဦးသီတာရပ်ကွက်ရှိနေအိမ်တွင်လည်းကောင်း ဆက်လက်ဖမ်းဆီးခဲ့သည်။
ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၇ ရက်နေ့ နံနက် ၃ နာရီတွင် စိတ်ကြွဆေးပြားများအား မန္တလေးမှကလေးသို့ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇော်ဇော်လတ်နှင့်မနွယ်နီလွင်တို့နှစ်ဦးကို ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁၂) ရေချမ်းအိုးရပ်ကွက်ရှိ တည်းခိုခန်းတွင်လည်းကောင်း၊ လှိုင်သလွန်း(ခ)ပါးတွောင်အား ကလေးမြို့ တာဟန်းရပ်ကွက်နယ်မြေ(၁၀)ရှိ နေအိမ်၌လည်း ကောင်းဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ဖော်ထုတ်ချက်အရ ယင်းနေ့နံနက် ၆ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်ရှိ နေအိမ်မှ ဇော်ဇော်လတ်နှင့်မနွယ်နီလွင်တို့ သိမ်းဆည်း ထားသည့် စိတ်ကြွဆေးပြား ၉ ဒသမ ၆ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၄၄ ဘီလီ ယံ) ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ငွေကျပ် ၂ ဒသမ ၉၄ ဘီလီယံတန်ဖိုးရှိ စုစုပေါင်းစိတ်ကြွဆေးပြား ၁၅ ဒသမ ၆ သိန်းအား ဖမ်းဆီးရမိခဲ့ကာ စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ ထန်လမ့်ကျင့်အား အမရပူရမြို့နယ် ဆောက်တောဝရွာရှိ ဂိုဒေါင်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား မန္တလေးမှကလေးသို့ အဓိကသယ်ဆောင်ရောင်းဝယ်သူမှာ ကလေးမြို့နယ် ကန်ကြီးရွာနေ မစုမွန်လွင်(ခ)စုလေး(ခ)မစု (ဖမ်းဆီးရန်ကျန်)နှင့် လားရှိုးမြို့ ရပ်ကွက်(၄)နေ အောင်ကျော်ဦး (ဖမ်းဆီးရန်ကျန်) တို့ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#News #MNP


No comments:
Post a Comment