အစ္စရေးနဲ့ မတည့်ရင် ဆော်ဒီမှာလုပ်မယ့်နျူ့စီမံကိန်းကို စဉ်းစားမယ်လို့ အမေရိကန်ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

အစ္စရေးနဲ့ မတည့်ရင် ဆော်ဒီမှာလုပ်မယ့်နျူ့စီမံကိန်းကို စဉ်းစားမယ်လို့ အမေရိကန်ပြော


ဇူလိုင် - ၂၄ ( သောကြာနေ့ ) 

အမေရိကန်နဲ့ ဆော်ဒီကြား ပြုလုပ်မယ့် သမိုင်းဝင် နျူကလီးယား သဘောတူညီချက်ဟာ ဆော်ဒီဘက်က အေဘရာဟမ် သဘောတူညီချက်များမှာ ပါဝင်ပြီး အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ထူထောင်နိုင်မှ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အိမ်ဖြူတော်က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီသဘောတူညီချက်ဟာ အမေရိကန်ရဲ့ နည်းပညာနဲ့ ကျွမ်းကျင်မှုတွေကို သုံးပြီး ဆော်ဒီနိုင်ငံရဲ့ ငြိမ်းချမ်းစွာ အသုံးပြုမယ့် နျူကလီးယား စွမ်းအင်အစီအစဉ်ကို ကူညီမြှင့်တင်ပေးဖို့ ရည်ရွယ်တာပါ။

ဆော်ဒီက ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးအတွက် တိုးတက်မှု မရှိသရွေ့ အစ္စရေးကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ခါးခါးသီးသီး ငြင်းဆန်ထားတာဖြစ်လို့ အခုလို ပြောကြားလိုက်တာက ဆော်ဒီ-အစ္စရေး ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေးနဲ့ အေဘရာဟင်သဘောတူညီချက်များကို ချိတ်ဆက်ထားတယ်လို့ လူသိရှင်ကြား ပြောင်ဖွင့်ချလိုက်တာပဲ ဖြစ်ပါတယ်။ 

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလီအာဗစ် က သတင်းထောက်တွေကို ပြောရာမှာ - "သမ္မတကြီး သဘောထားအရဆိုရင် ဒီသဘောတူညီချက်ဟာ ဒီအချက်အပေါ်မှာပဲ မူတည်နေပါတယ်။ ဒါကြောင့် သဘောတူညီချက် အပြီးသတ်နိုင်ဖို့နဲ့ ဆော်ဒီဘက်ကလည်း အေဘရာဟင် သဘောတူညီချက်တွေထဲကို ပါဝင်လာဖို့ အမေရိကန်ဘက်က ဆော်ဒီတာဝန်ရှိသူတွေနဲ့ ဆက်လက် ဆွေးနွေးသွားမှာပါ" လို့ ဆိုပါတယ်။

အေဘရာဟမ် သဘောတူညီချက်များဆိုတာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပထမသက်တမ်းတုန်းက အမေရိကန်အစိုးရက ပွဲစားအဖြစ်နဲ့ စီစဉ်ပေးခဲ့တဲ့ သဘောတူညီချက်များ ဖြစ်ပါတယ်။ အဓိက ကတော့ အစ္စရေးနဲ့ အာရပ်နိုင်ငံတွေကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်နိုင်ဖို့ လုပ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဒီသဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေက အစ္စရေး၊ အာရပ်စောဘွားများပြည်ထောင်စု (UAE)၊ ဘာရိန်း၊ မော်ရိုကိုနဲ့ ဆူဒန်နိုင်ငံတို့ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ ဆော်ဒီအာရေးဗီးယားဟာ သူတို့ ရည်ရွယ်ထားတဲ့ အရပ်ဖက်သုံး နျူ့စီမံကိန်းတွေ နဲ့ ငြိမ်းချမ်းစွာအသုံးပြုမယ့် စွမ်းအင်အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အမေရိကန် နည်းပညာတွေကို သုံးပြီး နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သတင်းတွေရဲ့ ဖော်ပြချက်အရ ဒီသဘောတူညီချက်မှာ ဆော်ဒီဘက်ကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ နောက်ဆက်တွဲ စာချုပ်ကို လိုက်နာဖို့ တောင်းဆိုထားခြင်း မရှိပါဘူး။ အဲ့ဒီ နောက်ဆက်တွဲ စာချုပ်မှာ IAEA အနေနဲ့ နျူကလီးယား လှုပ်ရှားမှုတွေကို ရှောင်တခင် စုံစမ်းစစ်ဆေးနိုင်ဖို့  အသေးစိတ်ကျတဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ခွင့် ပေးထားတာ ရှိပါတယ်။

ဒီလို ချန်လှပ်ထားမှုဟာ ဝါရှင်တန်က နျူကလီးယားလက်နက် ပြန့်ပွားမှုထိန်းချုပ်ရေး ကျွမ်းကျင်သူတွေနဲ့ ဥပဒေပြုအမတ်တွေကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်စေခဲ့ပါတယ်။ သူတို့ကတော့ ဒီအချက်ကြောင့် ဆော်ဒီအာရေးဗီးယားအနေနဲ့ ယူရေနီယမ် သန့်စင်ခွင့် လွတ်လပ်စွာ ရသွားနိုင်တယ်လို့ သတိပေးထားကြပါတယ်။ ဒီလို ယူရေနီယမ် သန့်စင်နိုင်စွမ်းဟာ နောက်ပိုင်းမှာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့အထိ အသုံးပြုသွားနိုင်ပြီး ဒေသတွင်း လက်နက်ပြိုင်ပွဲတစ်ခုကိုပါ မီးမွှေးပေးသလို ဖြစ်သွားနိုင်တာပါ။ အိမ်ရှေ့စံ မိုဟာမက် ဘင် ဆာလမန် ကလည်း အီရန်သာ နျူကလီးယားလက်နက် ပိုင်ဆိုင်သွားရင် ဆော်ဒီဘက်ကလည်း နျူကလီးယားလက်နက် ရရှိအောင် ကြိုးပမ်းသွားမယ်လို့ အရင်ကတည်းက ပြောကြားထားဖူးပါတယ်။

အမေရိကန် ကုမ္ပဏီတွေ ပါဝင်မယ့် ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိ နျူကလီးယား စွမ်းအင်အစီအစဉ်ကို ထောက်ပံ့ပေးမယ့် ဒီသဘောတူညီချက်ဟာ စတင်အသက်ဝင်ခြင်း မရှိသေးခင် အမေရိကန် လွှတ်တော် ရဲ့ စိစစ်သုံးသပ်မှုကို ခံယူရဦးမှာ ဖြစ်ပါတယ်။


REF: RT

#News #MNP


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)