နန်နင်း၊ ဇူလိုင် ၂၄
တရုတ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့် သည် နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း လိုက်ပါလျက် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နိုင်ငံခြားရေးရာရုံးမှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်မှ ၂၃ ရက်အထိ စီစဉ်ပြုလုပ်သော "အာဆီယံနိုင်ငံ အဆင့်မြင့်သံတမန်များ၏ ကွမ်ရှီးဒေသလေ့လာရေးခရီးစဉ်" တွင် ပေကျင်းမြို့အခြေစိုက် အခြား အာဆီယံ သံအမတ်ကြီးများ၊ နန်နင်းမြို့အခြေစိုက် အခြားကောင်စစ်ဝန်ချုပ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။
ဇူလိုင်လ ၂၂ ရက်တွင် သံတမန်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-အာဆီယံ ဉာဏ်ရည်တု (AI) အသုံးချမှု ပူးပေါင်းဆောင်ရွက်ရေးစင်တာသို့ သွားရောက်လေ့လာခဲ့ပြီး ညနေပိုင်းတွင် နန်နင်းမြို့ Liyuan Resort ၌ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရ၊ တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မစ္စတာချန်ဂန် (Mr. Chen Gang)၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစိုးရ အဖွဲ့ဝင် မစ္စတာ ဝေ့ထောင် (Mr. Wei Tao) တို့က သံတမန်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည့် ကြိုဆိုဧည့်ခံပွဲသို့ ဆက်လက်တက်ရောက်ခဲ့သည်။
ဇူလိုင်လ ၂၃ ရက်တွင် သံတမန်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာကုန်း-ရေ ကုန်သွယ်မှုစင်္ကြံသစ် (New International Land-Sea Trade Corridor) ၏ အဓိက အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာရန် ချင်ကျိုးမြို့ (Qinzhou) သို့ သွားရောက်ခဲ့ပြီး တန်ချိန် ၅,၀၀၀ ဆံ့ ရေယာဉ်များသွားလာနိုင်ရန် ပုံစံထုတ်ထားသည့် ယွမ် ၇၂.၇ ဘီလီယံတန်ဖိုးရှိ အဓိကပြည်တွင်းရေကြောင်းလမ်းဖြစ်သော ပင်လုတူးမြောင်း စီမံကိန်းသို့လည်းကောင်း၊ တရုတ်နိုင်ငံ၏ ပဉ္စမမြောက် အလိုအလျောက်စနစ်သုံး ကွန်တိန်နာဆိပ်ကမ်းနှင့် ၎င်း၏ပထမဆုံးသော ပင်လယ်-ရထားလမ်း ပေါင်းစပ်ပို့ဆောင်ရေးစနစ်ကိုလည်းကောင်း၊ ချင်ကျိုးဆိပ်ကမ်းရှိ ဘက်စုံအအေးခန်း ထောက်ပံ့ပို့ဆောင်ရေးစခန်းသို့လည်းကောင်း သွားရောက်လေ့လာခဲ့ပြီး ညနေပိုင်းတွင် လေ့လာရေးအစီအစဉ် ပြီးဆုံးခဲ့သည်။
ကွမ်ရှီးဒေသသည် အာဆီယံနှင့် ကုန်းလမ်း-ရေလမ်း ဆက်သွယ်မှုရှိသော တရုတ်နိုင်ငံ၏ တစ်ခုတည်းသော ဒေသအဖြစ်တည်ရှိနေပြီး ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီးနှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အတွက် အရေးပါသော အချက်အချာနေရာအဖြစ် ဖော်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
#News #MNP



No comments:
Post a Comment