ဇူလိုင် - ၂၁ ( အင်္ဂါနေ့ )
အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်သည် အမြောက်အမြားရဲ့ သတင်း အချက်အလက်တွေ ကို ပန်တဂွန် (အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန) က ထိန်းချန်ထားခဲ့တယ်လို့ အမေရိကန်အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး New York Times က တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။
သောကြာနေ့က ဂျော်ဒန်မှာရှိတဲ့ အမေရိကန် စစ်စခန်းတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့တာကြောင့် စစ်သည် ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရပြီး ၁ ဦး ပျောက်ဆုံးနေပါတယ်။ ဒါပေမဲ့ Times သတင်းဌာန ရဲ့ ဖော်ပြချက်အရ အဲဒီသတင်းပတ်အတွင်း ဂျော်ဒန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို အခြား ၃ ကြိမ် တိုက်ခိုက်ခဲ့မှုကြောင့်လည်း စစ်သည် အမြောက်အမြား ဒဏ်ရာရခဲ့ကြသေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီတိုက်ခိုက်မှုတွေ အတွင်း ဟယ်လီကော်ပတာ အတော်များများလည်း ပျက်စီးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
တရားဝင် စာရင်းဇယား ဒေတာဘေ့စ်ဖြစ်တဲ့ ကာကွယ်ရေးအသေအပျောက်ခွဲခြမ်းစိတ်ဖြာမှုစနစ် (DCAS) ထဲကို ဒဏ်ရာရရှိမှု သတင်းအချက်အလက် စာရင်းသွင်းဖို့ “ရက်ပေါင်းများစွာ ဒါမှမဟုတ် သီတင်းပတ် အတော်ကြာသည်အထိ အချိန်ယူရနိုင်တယ်” လို့ အရာရှိတစ်ဦးက CNN သတင်းဌာန ကို ပြောကြားခဲ့ပါတယ်။ တရားဝင် ကိန်းဂဏန်းတွေကို ကိုးကားပြီး Times က ဖော်ပြတာကတော့ အီရန်နဲ့ စစ်ပွဲအတွင်း ဒဏ်ရာရရှိခဲ့တဲ့ စစ်သည် စုစုပေါင်း ၄၂၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ပင်တာဂွန် ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနယ် ကတော့ “သေဆုံးမှုမရှိတဲ့ ဒဏ်ရာရ စာရင်းအချက်အလက်တွေကို သတင်းမီဒီယာတွေဆီ အချိန်နဲ့အမျှ ချက်ချင်းထုတ်ပြန်ပေးတာဟာ အဲဒီအချက်အလက်တွေကို ကျနော်တို့ရဲ့ ရန်သူတွေဆီ တိုက်ရိုက် ပေးလိုက်တာနဲ့ အတူတူပဲ” လို့ တုံ့ပြန် ချေပခဲ့ပါတယ်။ ပါနယ်ကတော့ “ဒဏ်ရာရရှိသူ အရေအတွက်ကို ထိန်ချန်ဖုံးကွယ်ထားတယ်ဆိုတဲ့ အခြေအမြစ်မရှိဘဲ မသမာတဲ့ စွပ်စွဲချက်တွေ” လို့ ပယ်ချခဲ့ပါတယ်။
“သတင်းအချက်အလက် ထိန်းချန်ထားတယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ တာဝန်ထမ်းဆောင်ရင်း စစ်သည် ၃ ဦး သေဆုံးခဲ့ရပြီးတဲ့နောက် အမေရိကန်ပြည်သူတွေကို ပိုပြီး စိတ်ဆင်းရဲအောင် လုပ်ဖို့ ဖန်တီးထားတဲ့ လုပ်ကြံ ဖန်တီးချက်တွေသာ ဖြစ်ပါတယ်” လို့ ပါနယ် က အိတ်စ်ဆိုရှယ်မီဒီယာ (တွစ်တာ) မှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် “အကြောင်းအရာ နောက်ခံ အပြည့်အစုံမပါဘဲ ကိန်းဂဏန်း အကြမ်းတွေကိုပဲ ရွေးထုတ်ပြတာဟာ စေတနာမမှန်ဘဲ နားလည်မှုလွဲစေသလို မပြည့်စုံတဲ့ ပုံရိပ်တစ်ခုကို ဖန်တီးပြတာပဲ ဖြစ်တယ်” လို့လည်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့ပါတယ်။
စနေနေ့တုန်းက အီရတ်မြောက်ပိုင်းမှာ ဒရုန်းတစ်စင်းကို ရှင်းလင်းဖို့ ကြိုးစားရင်း စစ်သည်တစ်ဦး သေဆုံးခဲ့ရတာကြောင့် အမေရိကန်ဘက်က တရားဝင် သေဆုံးသူဦးရေဟာ ၁၇ ဦးအထိ ရှိလာခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment