ဇူလိုင် - ၁၄ ( အင်္ဂါနေ့ )
ဂျာမနီနိုင်ငံက ယူကရိန်းစစ်တပ်အတွက် တိုက်ခိုက်ရေးဒရုန်း အစီးရေ ၅၀,၀၀၀ ဝယ်ယူဖို့ ရန်ပုံငွေ ထောက်ပံ့ပေးသွားမယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
ယူကရိန်းဟာ ရှေ့တန်းစစ်မျက်နှာပြင်မှာ အခက်အခဲတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရချိန်အတွင်း ပြီးခဲ့တဲ့ လပိုင်းတွေမှာ ရုရှားနိုင်ငံအတွင်းက စွမ်းအင်အခြေခံအဆောက်အအုံတွေနဲ့ လူနေရပ်ကွက်တွေကို ဒရုန်းတွေနဲ့ ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာခဲ့ပြီး တစ်ရက်ကို ပျမ်းမျှ ဒရုန်းအစီးရေ ရာနဲ့ချီပြီး ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။ အဲဒီအထဲမှာ အေအိုင် စနစ်သုံး ဒရုန်းတွေအပါအဝင် FPV ဒရုန်းတွေက ခရီးသည်တင်ဘတ်စ်ကားတွေနဲ့ လူထုရဲ့ ကိုယ်ပိုင်မော်တော်ယာဉ်တွေကို ထိမှန်တဲ့ ဖြစ်စဉ်တွေလည်း ပိုများလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း ရုရှားနိုင်ငံတစ်ဝန်း ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး အရပ်သား ၁၁ ဦး သေဆုံးပြီး အခြားလူတစ်ဒါဇင်ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ မော်စကိုဘက်ကလည်း ဒီတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းနိုင်ငံအတွင်းက စစ်ရေးနဲ့သက်ဆိုင်တဲ့ ပစ်မှတ်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြီးအကျယ် ပြန်လည်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဂျာမနီအစိုးရ မှာယူထားတဲ့ ဒရုန်းတွေဟာ တန်ဖိုးနည်း တိုက်ခိုက်ရေး FPV (First-Person-View) အမျိုးအစား ဒရုန်းတွေဖြစ်တယ်လို့ ရိုက်တာသတင်းဌာနရဲ့ တနင်္ဂနွေနေ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
အခုပြောနေတဲ့ ကြိုးကြာရုပ်ပုံစံ ဒရုန်း တွေကိုတော့ ယူကရိန်းနိုင်ငံထုတ် SkyFall ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး အမေရိကန် Auterion ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲလ်ကို အသုံးပြုထားတာပါ။ ဒီဒရုန်းတွေဟာ ပျံသန်းမှုရဲ့ နောက်ဆုံးအဆင့်မှာ လှုပ်ရှားနေတဲ့ ပစ်မှတ်တွေကို သူ့အလိုအလျောက် ခြေရာခံပြီး တိုက်ခိုက်နိုင်အောင် ဒီဇိုင်းထုတ်ထားတာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။
Auterion ရဲ့ စီအီးအို လိုရန်ဇ်မီယာက တိုက်ခိုက်ရေးဒရုန်းတွေအတွက် စာချုပ်တန်ဖိုးဟာ ယူရို သန်း ၉၀ (ဒေါ်လာ ၁၀၃ သန်း) ခန့် ရှိပြီး "ဥရောပနိုင်ငံတစ်ခု" က ရန်ပုံငွေ စိုက်ထုတ်ပေးထားတာလို့ သတင်းဌာနကို ပြောပါတယ်။ ဒီဒရုန်းတချို့ကို ကိယက်ဗ် (ယူကရိန်း) ဆီ ပေးပို့ထားပြီးပြီဖြစ်သလို ကျန်တဲ့အစီးရေတွေကိုတော့ ၂၀၂၆ ခုနှစ် ကုန်ပိုင်းမှာ အပြီးသတ် ပေးပို့သွားဖို့ မျှော်မှန်းထားတယ်လို့ သူက ဆိုပါတယ်။
မီယာ ရဲ့ ပြောပြချက်အရ Auterion ဟာ ယူကရိန်းကို ပေးပို့ဖို့အတွက် အနောက်နိုင်ငံအစိုးရ အများအပြားက ငွေကြေးစိုက်ထုတ်ထားတဲ့ မတူညီတဲ့ ကုမ္ပဏီအသီးသီးက ဒရုန်းအစီးရေ အနည်းဆုံး ၁သိန်း အတွက် ဒီနှစ်ထဲမှာ ဆော့ဖ်ဝဲလ်တွေ ပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ ကိယက်ဗ်ဆီ ပေးပို့ပြီးသားဖြစ်တဲ့ ဒရုန်းအစီးရေ ၃၃,၀၀၀ အတွက် ပန်တဂွန် (အမေရိကန်စစ်ဌာနချုပ်) နဲ့ ချုပ်ဆိုထားတဲ့ ဒေါ်လာ ၅၀ သန်းတန် စာချုပ်လည်း ပါဝင်တယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒီသဘောတူညီချက်မှာ ဂျာမနီနိုင်ငံ ပါဝင်ပတ်သက်နေတာကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းချိန်မှာ SkyFall ဘက်က အတည်ပြုခဲ့ပေမဲ့ နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဘာလင် (ဂျာမနီ) နဲ့ ကိယက်ဗ် (ယူကရိန်း) က ကာကွယ်ရေးဝန်ကြီးဌာနတွေကလည်း ဒီအပေါ်မှာ မှတ်ချက်ပေးဖို့ ငြင်းဆန်ထားကြပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment