ဘန်ကောက်၊ ဇူလိုင် ၂၃
ထိုင်းနိုင်ငံ တောင်ပိုင်း Narathiwat ပြည်နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဇူလိုင် ၂၂ ရက်က မည်သူမည်ဝါမှန်း မသိသူ လူတစ်စုမှာ သေနတ်ပစ်ခတ်ပြီး ပိုက်ပုံစံဗုံး ပစ်သွင်းခဲ့မှုကြောင့် စစ်သည် ၅ ဦး သေဆုံး၍ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းမီဒီယာများ၏ ဇူလိုင် ၂၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်သူ ၆ ဦးသည် Narathiwat ပြည်နယ် Ra-ngae ခရိုင်ရှိ စစ်ဆေးရေးဂိတ်တစ်ခု တံခါးဝသို့ ပစ်ကပ်ထရပ်ကားတစ်စီးဖြင့် မောင်းနှင်လာပြီးနောက် သေနတ်ပစ်ခတ်၍ ဗုံးပစ်သွင်းကာ ကားမောင်းထွက်ပြေးသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ လုံခြုံရေးဌာနက တိုက်ခိုက်သူအား အစွမ်းကုန်လိုက်လံဖမ်းဆီးနေကြောင်း၊ တစ်ချိန်တည်းတွင် အဆိုပါဒေသ၌ အဆင့်မြင့်ဆုံး လုံခြုံရေးအစီအမံများ ဆောင်ရွက်ရန် အမိန့်ချမှတ်ထားကာ စစ်ဆေးရေးဂိတ်အားလုံး အထူးသတိထားကြရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင်က ဇူလိုင် ၂၂ ရက်ညပိုင်းတွင် အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများကို ထိရောက်သော ကိုင်တွယ်မှု အစီအမံများလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ တောင်ပိုင်းဒေသပြည်နယ်များ၏ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆိုခဲ့သည်။
Ref - (Xinhua)
#News

No comments:
Post a Comment