ဇူလိုင် - ၂၆ ( တနင်္ဂနွေနေ့ )
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ YouGov သုတေသန အဖွဲ့ရဲ့ စစ်တမ်းတစ်ခုအရ ဂျာမနီပြည်သူ အများစုဟာ သူတို့ရဲ့ စစ်တပ်က နိုင်ငံကို ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ မယုံကြည်ကြပါဘူး။
သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ International Flagship စစ်တမ်းအချက်အလက်တွေအရ ဂျာမနီမှာ ဖြေဆိုသူ ၇၀ ရာခိုင်နှုန်းက သူတို့ စစ်တပ်ဟာ ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေကို ခုခံဖို့ လုံလောက်တဲ့ အင်အား မရှိဘူးလို့ ယုံကြည်မှုမရှိကြောင်း ပြောခဲ့ကြပါတယ်။ YouGov ဟာ ဒီစစ်တမ်းကို ဇွန်လ ၁၇ ရက်ကနေ ဇူလိုင်လ ၁ ရက်အတွင်း ဂျာမနီနိုင်ငံတစ်ဝန်းက လူကြီး ၂,၀၇၉ ဦးကို မေးမြန်းကောက်ယူခဲ့တာပါ။
ဖြေဆိုသူ ၄၀ ရာခိုင်နှုန်းက ဂျာမနီဟာ ကာကွယ်ရေးစရိတ် သုံးတာ နည်းလွန်းတယ်လို့ ပြောကြပေမဲ့၊ ကာကွယ်ရေးစရိတ်အတွက် အခွန်တိုးကောက်တာကိုတော့ ၇၇ ရာခိုင်နှုန်းက ကန့်ကွက်ကြပါတယ်။ ဒါ့အပြင် ပြည်သူ့ဝန်ဆောင်မှုစရိတ်တွေကို လျှော့ချတာကို ၆၂ ရာခိုင်နှုန်းက ငြင်းဆန်ကြပြီး၊ အစိုးရ ချေးငွေ တိုးမြှင့်ယူတာကိုလည်း ၅၉ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့ကြပါတယ်။
စစ်တမ်းကောက်ယူခဲ့တဲ့ ၇ နိုင်ငံထဲမှာ ဂျာမနီဟာ ယုံကြည်မှု အနည်းဆုံး ဖြစ်ခဲ့ပါတယ်။ ပိုလန်မှာ ၅၇ ရာခိုင်နှုန်း၊ ဗြိတိန်နဲ့ ဩစတြေးလျမှာ ၅၃ ရာခိုင်နှုန်းစီနဲ့ ကနေဒါမှာ ၄၈ ရာခိုင်နှုန်းတို့ကလည်း သူတို့ရဲ့ စစ်တပ်က နိုင်ငံကာကွယ်နိုင်စွမ်းကို သံသယရှိကြပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ပြင်သစ်ဖြေဆိုသူ ၅၂ ရာခိုင်နှုန်းနဲ့ အမေရိကန်ဖြေဆိုသူ ၇၇ ရာခိုင်နှုန်းတို့က သူတို့စစ်တပ်အပေါ် ယုံကြည်မှု ရှိကြပါတယ်။
ဒီစစ်တမ်းဟာ အီရန်ကို တိုက်ခိုက်တဲ့ အမေရိကန်-အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှုမှာ NATO အဖွဲ့ဝင်တွေ ပူးပေါင်းဖို့ ငြင်းဆန်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က NATO ကနေ နှုတ်ထွက်မယ်လို့ တစ်ကျော့ပြန် ခြိမ်းခြောက်လာချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ထရမ့်ဟာ ဥရောပ NATO အဖွဲ့ဝင်နိုင်ငံတွေကို ကာကွယ်ရေးစရိတ် လုံလောက်အောင် မသုံးစွဲဘူးလို့ မကြာခဏ စွပ်စွဲလေ့ရှိပြီး ဒီစစ်ရေးမဟာမိတ်အဖွဲ့ကို "စက္ကူကျား" တစ်ကောင်အဖြစ် တင်စားပြောဆိုခဲ့ဖူးပါတယ်။
ဂျာမနီနိုင်ငံဟာ ရုရှား-ယူကရိန် ပဋိပက္ခကို အကြောင်းပြပြီး ကာကွယ်ရေးစရိတ် ပိုမိုသုံးစွဲဖို့၊ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်သည်အင်အားကို ၁၈၃,၀၀၀ ဝန်းကျင်ကနေ ၂၆၀,၀၀၀ အထိ တိုးမြှင့်ဖို့နဲ့ အရန်တပ်ဖွဲ့ကို ၂၀၀,၀၀၀ အထိ တိုးချဲ့ဖို့ အစီအစဉ်တစ်ခုကို အတည်ပြုထားပါတယ်။ အစိုးရဟာ ဇန်နဝါရီလမှာ စစ်မှုထမ်း မှတ်ပုံတင်ခြင်းနဲ့ စောင့်ကြည့်စစ်ဆေးခြင်းစနစ်ကို ပြန်လည်မိတ်ဆက်ခဲ့တာကြောင့် ငြင်းခုံမှုတွေနဲ့ ဆန္ဒပြမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် DW သတင်းဌာနရဲ့ ဖော်ပြချက်အရ စစ်မှုမထမ်းလိုဘဲ ငြင်းဆန်သူအဖြစ် လျှောက်ထားတဲ့ လူငယ်အရေအတွက်လည်း အရှိန်အဟုန်နဲ့ မြင့်တက်လာကြောင်း သိရပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment