ဇူလိုင် - ၉ ( ကြာသပတေးနေ့ )
အိန္ဒိယတောင်ပိုင်းပြည်နယ်က တောင်ထူထပ်တဲ့ ခရိုင်တစ်ခုမှာ လူလေးဦး သေဆုံးခဲ့ရတဲ့ ပြင်းထန်တဲ့ မြေပြိုမှုဖြစ်ပွားခဲ့ပါတယ်။ မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုအတွင်း မြေပြိုမှုထဲကနေ လင်မယားနှစ်ယောက်ဟာ အံ့ဩစရာကောင်းလောက်အောင် ကံကောင်းထောက်မစွာနဲ့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။
အင်္ဂါနေ့က ကီရလာပြည်နယ်၊ ဝါယနတ်ခရိုင်မှာ မြေပြိုမှုကြောင့် လူလေးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီမြေပြိုမှုဟာ ဥမင်လိုဏ်ခေါင်းတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို ပိသွားခဲ့တာဖြစ်ပြီး အလုပ်သမား အတော်များများ ပိတ်မိနေခဲ့တာပါ။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး နောက်ထပ် လူခြောက်ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိထားတယ်လို့ တာဝန်ရှိသူတွေက ပြောတဲ့အတွက် သေဆုံးသူအရေအတွက်ဟာ ဒီထက်မက ပိုတိုးလာနိုင်ခြေ ရှိပါတယ်။
မြေပြိုပြီး ပါလာတဲ့ ရွှံ့နွံတွေနဲ့ ကျောက်ခဲတွေကြားထဲကို ညှပ်ပါလာတဲ့ ဆီတင်ကားတစ်စီးက သူတို့ကို ဓာတ်ဆီဆိုင်နားအထိ (ပေ ၁၃၀၀ ကျော်) နီးပါးလောက် နောက်ဆုတ်တွန်းထုတ်ပေးလိုက်သလို၊ တစ်ဖက်ကလည်း ရွှံ့တွေ၊ ကျောက်ခဲတွေရန်ကနေ တစ်စိတ်တစ်ပိုင်း ကာကွယ်ပေးထားခဲ့လို့ အဲဒီအမျိုးသားနဲ့ အမျိုးသမီးဟာ သေဘေးကနေ သီသီလေး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ဆီတင်ကားကြီး ရပ်သွားတဲ့ အချိန်မှာတော့ တစ်ကိုယ်လုံး ရွှံ့တွေပေပွနေတဲ့ အဲဒီလင်မယားနှစ်ယောက်ဟာ ထရပ်ပြီး လမ်းလျှောက် ထွက်သွားခဲ့ကြပါတယ်။ ဓာတ်ဆီဆိုင်နားမှာ ဖြစ်ပျက်ခဲ့တဲ့ အဲဒီဖြစ်စဉ်ရဲ့ စီစီတီဗီ (CCTV) မှတ်တမ်းဗီဒီယိုဖိုင်ဟာလည်း အခုဆိုရင် အွန်လိုင်းပေါ်မှာ တောမီးလို ပျံ့နှံ့ပြီး လူပြောသူပြော အလွန်များနေပါတယ်။
လက်ရှိမှာတော့ အဲဒီဒေသမှာ အနီရောင်အဆင့် (အရေးပေါ်) သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဆေးရုံတင်လိုက်ရတဲ့ လူကိုးဦးထဲက နှစ်ဦးကတော့ ဆေးရုံက ဆင်းသွားပြီဖြစ်ပြီး ကျန်တဲ့ ခုနစ်ဦးကတော့ ဆေးကုသမှု ဆက်ခံယူနေရတုန်းပါပဲ။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း တမီးလ်နာဒူးနဲ့ ကာနတကပြည်နယ်တွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယတောင်ပိုင်း ကီရလာပြည်နယ်ရဲ့ ဒီတောင်ထူထပ်တဲ့ခရိုင်မှာပဲ လူပေါင်း ၄၀၀ နီးပါး သေဆုံးပြီး ထောင်နဲ့ချီတဲ့သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ပြင်းထန်တဲ့ မြေပြိုမှုကြီးတစ်ခု ဖြစ်ပွားခဲ့ဖူးပါတယ်။ အခု အင်္ဂါနေ့ကဖြစ်တဲ့ မြေပြိုမှုဟာလည်း ၂၀၂၄ တုန်းက အကြီးအကျယ် ပျက်စီးခဲ့တဲ့ နေရာတစ်ခုနဲ့ ကီလိုမီတာအနည်းငယ်ပဲ ဝေးတဲ့နေရာမှာ ဖြစ်ပွားခဲ့တာပါ။
Ref: RT
#MNP #News

No comments:
Post a Comment