အိန္ဒိယ - အမေရိကန် ကုန်သွယ်ရေးစာချုပ်ကို အိန္ဒိယ လယ်သမားတွေ ဆန္ဒပြ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယ - အမေရိကန် ကုန်သွယ်ရေးစာချုပ်ကို အိန္ဒိယ လယ်သမားတွေ ဆန္ဒပြ


ဇူလိုင် - ၂၂ ( ဗုဒ္ဓဟူးနေ့ ) 

အမေရိကန်နဲ့ ချုပ်ဆိုဖို့ လျာထားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို ကန့်ကွက်တဲ့ တောင်သူလယ်သမား ထောင်ပေါင်းများစွာဟာ အင်္ဂါနေ့က ဒေလီမြို့ဘက်ကို ဦးတည်ချီတက်ခဲ့ကြပါတယ်။ ဒါဟာ မြို့တော်မှာ ကျောင်းသားဆန္ဒပြမှုနဲ့ ရင်ဆိုင်နေရပြီးသားဖြစ်တဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ အစိုးရအတွက် နောက်ထပ် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့တာပါ။

အမေရိကန်က ဈေးပေါတဲ့ စားသောက်ကုန်တွေ ဝင်ရောက်လာအောင် လမ်းဖွင့်ပေးသလို ဖြစ်သွားနိုင်တာကြောင့် အခု လျာထားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ဟာ အိန္ဒိယရဲ့ စိုက်ပျိုးရေးကဏ္ဍ၊ ဒေသတွင်း လယ်သမားတွေ၊ မွေးမြူရေးနဲ့ နို့ထွက်ပစ္စည်း ထုတ်လုပ်သူတွေအပြင် ကုန်သည်ငယ်လေးတွေကိုပါ ထိခိုက်စေနိုင်တယ်လို့ လယ်သမားသမဂ္ဂတွေက ပြောပါတယ်။

လနဲ့ချီ ညှိနှိုင်းခဲ့ကြပေမဲ့ ဒီကုန်သွယ်ရေး သဘောတူညီချက်ဟာ အတည်မဖြစ်သေးပါဘူး။ အိန္ဒိယ ကုန်သွယ်ရေး ဝန်ကြီး ပီယုရှ် ဂိုယယ်လ် ကတော့ "ယှဉ်ပြိုင်နိုင်စွမ်းရှိမယ့် အခွင့်အရေး မူဘောင်တွေ မပြီးပြတ်သေးသမျှ" အမေရိကန်နဲ့ သဘောတူညီချက်ကို စတင်အသက်သွင်းမှာ မဟုတ်ဘူးလို့ လွန်ခဲ့တဲ့လက ပြောကြားထားပါတယ်။

ဒီဆန္ဒပြမှုတွေကို မြောက်ပိုင်းပြည်နယ်တွေဖြစ်ကြတဲ့ ပန်ဂျာဘ် ၊ ဟာရီယာနာ ၊ ရာဂျာစသန် ၊ ဟီမာချာ ပရာဒေးရှ်  နဲ့ ဥတ္တာ ပရာဒေးရှ် တို့က လယ်သမားအဖွဲ့အစည်းတွေက ဦးဆောင်ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ပန်ဂျာဘ်ပြည်နယ်က လယ်သမားတွေကိုတော့ ဟာရီယာနာပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်ဘူ  မှာ ရဲတပ်ဖွဲ့က တားဆီးခဲ့ပေမဲ့ အခြားသူတွေကတော့ ဒေလီမြို့ဆီ ဆက်လက် ချီတက်သွားခဲ့ကြပါတယ်။

အမေရိကန် စိုက်ပျိုးရေးကဏ္ဍကတော့ အိန္ဒိယဈေးကွက်ထဲ ပိုမိုဝင်ရောက်ခွင့်ရရှိရေး၊ အခွန်နှုန်းထားတွေ လျှော့ချရေးနဲ့ နို့ထွက်ပစ္စည်း၊ ကြက်ငှက်မွေးမြူရေးနဲ့ ရေလုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးရေး တို့အတွက် ထရမ့်အစိုးရအဖွဲ့ကို စည်းရုံးဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

အိန္ဒိယရဲ့ စိုက်ပျိုးရေးဆိုင်ရာ အကျိုးစီးပွားတွေကို ကာကွယ်ပေးထားမှာဖြစ်ပြီး ထိခိုက်လွယ်တဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေကို အမေရိကန်နဲ့ ဆွေးနွေးမှုတွေထဲကနေ ဖယ်ထုတ်ထားတယ်လို့ အိန္ဒိယအစိုးရက ဆိုပါတယ်။

ဒါပေမဲ့ စိုက်ပျိုးရေးကဏ္ဍကို လမ်းဖွင့်ပေးမယ့် ကုန်သွယ်ရေး သဘောတူညီချက်ဟာ ကျေးလက်နေ မိသားစု ပေါင်း ၈၀ သန်းကို ထိခိုက်စေနိုင်ပြီး အိန္ဒိယရဲ့ စိုက်ပျိုးရေးစီးပွားရေး အခြေခံအဆောက်အအုံတစ်ခုလုံးကို ရိုက်ခတ်သွားနိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက သတိပေးထားပါတယ်။ စိုက်ပျိုးရေးကဏ္ဍဟာ တိုင်းပြည် လုပ်သားအင်အားရဲ့ ၄၆.၁ % ခန့်ကို အလုပ်အကိုင် ပေးထားသလို အိန္ဒိယ လူဦးရေ ၁.၄ ဘီလီယံရဲ့ ၅၅ % နီးပါးကိုလည်း ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)