အနီးစခန်းလေဆိပ် ဖွင့်လှစ်ခဲ့သည့်အတွက် ပွင့်လင်းရာသီတွင် ပြင်ဦးလွင်သို့ ခရီးသွားပိုမို ဝင်ရောက်လာမည်ဟု ခန့်မှန်းထား - Myanmar National Post

Myanmar National Post

News Agency

Breaking

အနီးစခန်းလေဆိပ် ဖွင့်လှစ်ခဲ့သည့်အတွက် ပွင့်လင်းရာသီတွင် ပြင်ဦးလွင်သို့ ခရီးသွားပိုမို ဝင်ရောက်လာမည်ဟု ခန့်မှန်းထား




ရန်ကုန်၊ ဇူလိုင်   ၁၃

အနီးစခန်းလေဆိပ် ဖွင့်လှစ်ခဲ့သည့်အတွက် လာမည့်ပွင့်လင်းရာသီတွင် ပြင်ဦးလွင်သို့ ခရီးသွားပိုမိုဝင်ရောက်လာမည်ဟု ခန့်မှန်းထားကြောင်း ပြင်ဦးလွင် ဒီဇင်ဘာပန်းခြံ တာဝန်ခံ၏ ပြောကြားချက်အရသိရသည်။   

“အနီးစခန်းလေဆိပ်ကို  ဖွင့်လှစ်ပြီးသွားပြီဖြစ်တဲ့အတွက် ပြင်ဦးလွင်ဒေသရဲ့ စီးပွားရေးတိုးတက် ပြောင်းလဲမှုကို တွေ့မြင်ရမှာပါ။ ပြင်ဦးလွင်မှာ  သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်အပါအဝင် ပွင့်လင်းရာသီမှာခရီးသွားတွေများတယ်။ ရုံးပိတ်ရက်တွေရှိရင် ခရီးသွားမပြတ်ပါဘူး။ ခရီးသွားရာသီအတွက် ကြိုတင်ပြင်ဆင်နေကြပါပြီ။ ကော်ဖီဆိုင်နဲ့ ဒေသအစားအစာတွေက နိုင်ငံခြားခရီးသွားတွေအတွက် ဆွဲ‌ဆောင်မှုတစ်ခုပါပဲ။ လေကြောင်းခရီးစဉ်နဲ့ပါ လာရောက်နိုင်တဲ့အတွက် မြို့ရဲ့ ခရီးသွားကဏ္ဍ၊ စီးပွားရေးကဏ္ဍနဲ့ လူမှုရေးကဏ္ဍတွေ တိုးတက်ပြောင်းလဲလာမယ့်အပေါ် အားလုံးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေကြပါတယ်”ဟု ပြင်ဦးလွင်မြို့ ဒီဇင်ဘာပန်းခြံတာဝန်ခံ ဒေါ်လှလှက ပြောကြားသည်။

လာမည့် ပွင့်လင်းရာသီတွင် ခရီးသွားများ ပိုမိုလာရောက်နိုင်သည့်အတွက် နေရာအလိုက်  ပိုမိုစည်ကားလှပရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 “ကျွန်မတို့ ပန်းခြံမှာ ပန်းမျိုးစိတ်ပေါင်း ၃၀ ကျော် စိုက်ပျိုးထားပြီး ပွင့်လင်းခရီးသွားရာသီအတွက် အဘက်ဘက်က ပြင်ဆင်မှုတွေ ဆောင်ရွက်နေတယ်။ ပန်းခင်းတွေ၊  လူငယ် တွေ ဓာတ်ပုံ ရိုက်လို့ ရတဲ့ နေရာတွေ တိုးချဲ့ပြီးလုပ်ဆောင်နေပါတယ်။ ခရီးသွားတွေက ရောင်စုံပန်းခင်းနဲ့ ရေတံခွန်ကို ပိုပြီး နှစ်ခြိုက်ကြတယ်၊ လာရောက်လည်ပတ်တဲ့သူ ၁၀ ဦးမှာ ကိုးဦးက အဲဒီနေရာကို လည်ပတ်တာများပါ တယ်”ဟု ပြင်ဦးလွင် ရေတံခွန်ပန်းခြံတာဝန်ခံ ဒေါ်ရွှေရည်ထွန်းက ပြောသည်။

ပြင်ဦးလွင်မြို့နှင့်အနီးတစ်ဝိုက်ရှိ ပြည်ချစ်ဘုရား၊ နှီးဘုရား၊ ပိတ်ချင်းမြှောင်၊ တရုတ်ဘုံကျောင်း၊ ကန်တော်ကြီး၊ ပွဲကောက်ရေတံခွန်၊ အနီးစခန်းရေတံခွန်၊  ဒီးဒုတ်ရေတံခွန်၊ ဒီဇင် ဘာခြံ၊ နှင်းဆီခြံ၊ ပြင်ဦးလွင် ပန်းဈေး၊ ဂျပန်ရွာ၊ တိုင်းရင်းသားကျေးရွာ၊ ပြင်ဦးလွင်ဈေး၊ သုမင်္ဂလာဈေးဝယ်စင်တာ၊ ပြင်ဦးလွင်ဘူတာနှင့် ပြင်ဦးလွင်ပန်းဥယျာဉ်များကို ခရီးသွားများ အများဆုံးလည်ပတ်လေ့ရှိပြီး ခရီးသွားများအကြိုက် အပန်းဖြေလည်ပတ်စရာနေရာများစွာ ရှိသည့်အတွက် တောင်ပေါ်အပန်းဖြေမြို့ ဟု ခရီးသွားများအကြား ထင်ရှားသည်။ ထို့ပြင် ပြည်တွင်း၊ ပြည်ပခရီးသွားများသည် နှစ်စဉ်ကျင်းပလေ့ ရှိသည့် ပြင်ဦးလွင်ပန်းပွဲတော်ကို အထူးစိတ်ဝင်စားကြပြီး ပန်းပွဲတော်ကျင်းပချိန်တွင်လည်း ပြည်တွင်း၊ ပြည်ပခရီးသွား ဝင်ရောက်မှုများကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)