ဇူလိုင် - ၁၃ ( တနင်္လာနေ့ )
ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ စနေနေ့ညနေပိုင်းတွင် ဖြစ်ပွားခဲ့တဲ့ "ကလယ်ယာလမ်း ဆယ်လ်ဆာ" လမ်းဘေးပွဲတော်မှာ အစုလိုက်အပြုံလိုက် သေနတ်ပစ်ခတ်မှုတစ်ခုကြောင့် လူ ၂ ယောက် သေဆုံးပြီး အနည်းဆုံး ၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဆီကို ည ၈ နာရီခွဲခန့်မှာ သေနတ်သမားတစ်ယောက် လိုက်လံပစ်ခတ်နေတယ်ဆိုတဲ့ သတင်းပို့ချက်တွေ ရောက်ရှိလာခဲ့ပြီးနောက် အဲဒီဧရိယာကို ပိတ်ဆို့ထားခဲ့ပေမဲ့ ပြစ်မှုကျူးလွန်သူတွေကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က “အရာရှိတွေအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် အဲဒီဧရိယာမှာ ရဲတပ်ဖွဲ့အင်အား အမြောက်အမြား ရှိနေဆဲ ဖြစ်ပါတယ်။ အဲဒီနေရာကို ဆက်လက်ရှောင်ရှားကြဖို့နဲ့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ မေတ္တာရပ်ခံပါတယ်” လို့ ထုတ်ပြန်ပြောကြားထားပါတယ်။
ရဲမင်းကြီးချုပ်ရဲ့ လက်ထောက်ဖြစ်သူ ဖရန့်ခ်ဘာရီဒို က “ဒါဟာ တစ်ယောက်ကိုတစ်ယောက် ပစ်မှတ်ထားပြီး အပြန်အလှန် သေနတ်ပစ်ခတ်ကြတဲ့ ပုံစံမျိုး ဖြစ်ပုံရတယ်” လို့ နောက်ပိုင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အခင်းဖြစ်ပွားရာနေရာကနေ သေနတ်နှစ်လက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
တိုရွန်တိုမြို့တော်ဝန် အိုလဗီယာချောင် ကလည်း ဒီပစ်ခတ်မှုအပေါ် “စက်ဆုပ်ရွံရှာမိပြီး ဒေါသထွက်မိတယ်” လို့ ပြောကြားခဲ့ပါတယ်။ သူမက “ဒါဟာ လူစုလူဝေးနဲ့ စည်ကားနေတဲ့ ပွဲတော်တစ်ခုမှာ အဆင်အခြင်မဲ့စွာ လုပ်ဆောင်ခဲ့တဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပါတယ်” လို့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment