ဇူလိုင် - ၁၃ ( တနင်္လာနေ့ )
အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အာရပ်နိုင်ငံတွေဟာ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို လက်ခံထားရှိပေးနေတာကြောင့် (မိမိတို့ဘက်က) တုံ့ပြန်တိုက်ခိုက်ဖို့အတွက် တရားဝင်ပစ်မှတ်တွေ ဖြစ်တယ် လို့ အီရန်နိုင်ငံက သတိပေးလိုက်ပါတယ်။
အမေရိကန်ဟာ တနင်္လာနေ့ မနက်စောစောပိုင်း (ဒေသစံတော်ချိန်) မှာလည်း အီရန်နိုင်ငံအတွင်းက ပစ်မှတ်တွေ ကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး ဒါဟာ ၄ ညမြောက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ တနင်္ဂနွေနေ့တုန်းကတော့ အီရန်ဘက်ကနေ ဂျော်ဒန်၊ ကူဝိတ်၊ ကာတာ၊ ဘာရိန်းနဲ့ အိုမန်နိုင်ငံတို့မှာရှိတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာနေရာတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။
တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ISNA သတင်းဌာနက ဖော်ပြခဲ့တဲ့ ကြေညာချက်တစ်ခုထဲမှာတော့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ရဲ့ “ရက်စက်ကြမ်းကြုတ်တဲ့” တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချလိုက်ပြီး၊ ပင်လယ်ကွေ့အာရပ်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့နိုင်ငံတွေကို “အီရန်လူမျိုးတွေအပေါ် ဆင်နွှဲနေတဲ့ အမေရိကန်ရဲ့ တရားမဝင်တဲ့ ရာဇဝတ်စစ်ပွဲအတွက် ကစားကွင်းတစ်ခု” အဖြစ် ပြောင်းလဲပစ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက “အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ကျူးကျော်သူ (အမေရိကန်) က အီရန်အပေါ် စစ်ရေးအရ လာရောက်ကျူးကျော်တိုက်ခိုက်တဲ့နေရာမှာ သူတို့ရဲ့ နယ်မြေနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို အသုံးမချနိုင်အောင် တားဆီးဖို့ နိုင်ငံတကာဥပဒေအရ တာဝန်ရှိပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ကတော့ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးအနေနဲ့ “အစွမ်းကုန် ထိန်းသိမ်းကြဖို့၊ အခြေအနေကို ပိုမိုဆိုးရွားစေမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်ကြဖို့နဲ့ တင်းမာမှုတွေ လျော့ကျသွားစေဖို့အတွက် ချက်ချင်း အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ကြဖို့” တောင်းဆိုလိုက်ပါတယ်။
ဒါပေမဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါရီ ကတော့ အီရန်ရဲ့ လုပ်ရပ်တွေဟာ တရားမျှတမှုရှိကြောင်း ပြန်လည်ခုခံ ပြောကြားခဲ့ပါတယ်။ သူက တနင်္ဂနွေနေ့မှာ အိတ်စ်ပေါ်ကနေ “အီရန်ဟာ ‘ကျူးကျော်တိုက်ခိုက်တာ’ မဟုတ်ပါဘူး။ ပါရှန်ကွေ့တောင်ပိုင်းမှာ အခြေစိုက်ထားတဲ့ အမေရိကန် စစ်စခန်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို အီရန်က တိုက်ခိုက်ခဲ့တာဟာ နိုင်ငံတကာဥပဒေအရ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိတဲ့ မွေးရာပါအခွင့်အရေးကို တရားဝင်နဲ့ ဥပဒေနဲ့အညီ ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်” လို့ ရေးသားကာ တုံ့ပြန်ခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment