နေပြည်တော်၊ ဇူလိုင် ၂၈
မြန်မာ–ဂျပန် နှစ်နိုင်ငံအကြား နှစ်ပေါင်း ၇၀ ကျော်ကြာ တည်ဆောက်လာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားကြရန်နှင့် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ အလားအလာကောင်းသည့် စီးပွားရေးကဏ္ဍများတွင် ရေရှည်အမြင်ဖြင့် ယုံကြည်စိတ်ချစွာ လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းဖိတ်ခေါ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ရေးသား ထုတ်ပြန်ထားသည်။
မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မ မိန့်ခွန်းကို ကောက်နှုတ်၍ -
မြန်မာ–ဂျပန် နှစ်နိုင်ငံသည် ၁၉၅၄ ခုနှစ်မှစတင်၍ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး နှစ်ပေါင်း ၇၀ ကျော်ကြာ ချစ်ကြည်ရင်းနှီးမှုရှိကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၂၀၂၃–၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁,၃၃၄ ဒသမ ၇၉၅ သန်း၊ ၂၀၂၄–၂၀၂၅ ဘဏ္ဍာနှစ်တွင် ၁,၁၉၄ ဒသမ ၃၉၄ သန်းနှင့် ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် ၁,၃၄၃ ဒသမ ၆၆၅ သန်းရှိကြောင်း၊ မြန်မာနိုင်ငံက ဂျပန်နိုင်ငံသို့ ချုပ်ပြီးအထည်၊ ဖိနပ်၊ ပဲအမျိုးမျိုး၊ ပုလဲနှင့် လျှပ်စစ်ပစ္စည်းများ အဓိကတင်ပို့လျက်ရှိကြောင်း၊ တန်ဖိုးမြှင့်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်၊ အရည်အသွေးမြင့် စားသောက်ကုန်၊ ရာဘာအခြေခံထုတ်ကုန်နှင့် နည်းပညာဆိုင်ရာထုတ်ကုန်များ တိုးချဲ့တင်ပို့ရန်လိုကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာ–ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်သည့်စံနမူနာတစ်ခုဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်၌ ဂျပန်ကုမ္ပဏီ ၅၀ ကျော်အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံ နှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီစုစုပေါင်း ၁၂၆ ခု ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၂,၃၀၀ ကျော်ရှိကြောင်း။
ဂျပန်နိုင်ငံက သီလဝါအထူးစီးပွားရေးဇုန် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေစေရန် လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာရရှိရေး၊ One-Stop Service မြန်ဆန်ရေးနှင့် လုပ်ထုံးလုပ်နည်းများ လွယ်ကူရှင်းလင်းရေး ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်း MSME လုပ်ငန်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ချိတ်ဆက်၍ ပြည်တွင်းကုန်ကြမ်းအသုံးပြုမှုနှင့် ထောက်ပံ့ရေးကွင်းဆက် ခိုင်မာစေရန်လိုကြောင်း၊ ဂျပန်၏ အဆင့်မြင့်နည်းပညာ၊ အရင်းအနှီး၊ စီမံခန့်ခွဲမှုအတွေ့အကြုံနှင့် အရည်အသွေးထိန်းချုပ်မှုစနစ်များကို မြန်မာ MSME လုပ်ငန်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးအခြေခံ တန်ဖိုးမြှင့်ထုတ်လုပ်မှု၊ စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်သုံးယာဉ်၊ ဓာတ်မြေဩဇာ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးကဏ္ဍများ၌ ပူးပေါင်းရင်းနှီးမြှုပ်နှံနိုင်ကြောင်း၊ မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ နှင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းတို့တွင် ဂျပန်နည်းပညာကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း။
မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်၊ စိုက်ပျိုးရေးအခြေခံနှင့် လူငယ်လုပ်သားအင်အားကို ဂျပန်၏ နည်းပညာ၊ အရင်းအနှီးနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံတို့ဖြင့် ပေါင်းစပ်၍ Win-Win ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ရန်လိုကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာပြီး ယုံကြည်စိတ်ချရသည့် စီးပွားရေးဝန်းကျင် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း၊ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရေရှည်အမြင်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။
#MNP #News

No comments:
Post a Comment