ဇူလိုင် - ၂၈ ( အင်္ဂါနေ့ )
အီရန်ရဲ့ သန့်စင်ပြီးသား ယူရေနီယံတွေကို သိမ်းဆည်းဖို့အတွက် အမေရိကန် ပန်တာဂွန်စစ်ဌာနချုပ်ဟာ 'စစ်ရေးသမိုင်းမှာ အရှုပ်ထွေးဆုံးနဲ့ အဆင့်မြင့်ဆုံး စစ်ဆင်ရေး' ဖြစ်လာနိုင်ခြေရှိတဲ့ အစီအစဉ်တစ်ခုကို စဉ်းစားဆောင်ရွက်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး နယူးယောက်ခ်ပို့စ် သတင်းဌာန က စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။
ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုရဲ့ အဆိုအရ ဒီအစီအစဉ်မှာ အခိုင်အမာ ကာကွယ်ထားတဲ့ နျူကလီးယားစခန်းတွေကို စီးနင်းဖို့အတွက် မြေပြင်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို စေလွှတ်မှာဖြစ်ပြီး၊ အမှန်တကယ် ယူရေနီယံ ရှာဖွေသိမ်းဆည်းမယ့် တာဝန်ကိုတော့ အထူးကွန်မန်ဒို အဖွဲ့ငယ်လေးတစ်ခုက တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။
နျူကလီးယားလက်နက် ပြုလုပ်ရာမှာ အဓိကကျတဲ့ အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယံတွေ ဘယ်နေရာမှာ အတိအကျရှိနေလဲ ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ အီရန်မှာ ဖိုဒို ၊ နာတန့်ဇ် ၊ အစ္စဖာဟန် နဲ့ ပစ်ကာဇီတောင် ဆိုပြီး အဓိက နျူကလီးယားစခန်း ၄ ခု ရှိတာပါ။ အဲဒီထဲက ပထမ ၃ ခုဟာ လွန်ခဲ့တဲ့နှစ်က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ခန့်မှန်းခြေ သန့်စင်ပြီး ယူရေနီယံ ကီလိုဂရမ် ၄၄၀ အနက် ၂၀၀ ကီလိုဂရမ်လောက်ဟာ အစ္စဖာဟန် အပြင်ဘက်က နက်ရှိုင်းတဲ့ လိုဏ်ဂူတွေထဲမှာ သိမ်းဆည်းထားတယ်လို့ ယူဆရပြီး ကျန်တဲ့ အရေအတွက်အချို့ကိုတော့ နာတန့်ဇ်မှာ ရှိနိုင်တယ်လို့ ယူဆထားကြပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂချီ ကတော့ အီရန်ရဲ့ ယူရေနီယံတွေက အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်လို့ ပျက်စီးသွားတဲ့ နျူ့ ဓာတ်အားပေးစက်ရုံတွေရဲ့ အပျက်အစီးပုံအောက်ထဲမှာပဲ ရှိနေပါသေးတယ်။ အခုထိ မရှင်းလင်းရသေးပါဘူး လို့ ဆိုထားပါတယ်။
ပစ်ကာဇီတောင်က နျူ့စက်ရုံက ဆောက်လက်စတန်းလန်းဖြစ်နေလို့ အမေရိကန်တွေ ဗုံးကျဲတိုက်ခိုက်တုန်းက ကျန်နေခဲ့ပါတယ်။ အဲ့ဒိတောင်တန်းမှာက လှို့ဝှက်လိုဏ်ဂူတွေ အများကြီး ရှိပါတယ်။ နျူ့ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ အဲ့ဒိဂူတွေထဲမှာ ရှိတဲ့ ယူရေနီယံသန့်စင်တဲ့ လုပ်ငန်းတွေက အခုဆိုရင် အပြည့်အဝ လည်ပတ်နေလောက်ပြီးလို့ ခန့်မှန်းထားကြပါတယ်။ အမေရိကန် နဲ့အစ္စရေးတို့က အဲ့ဒိမှာ ရှိတဲ့ယူရေနီယံတွေကို သိမ်းနိုင်ဖို့ ဆိုရင်တော့ မြေပြင်ထောက်လှမ်းရေး အချက်အလက်တွေ အတိအကျရနိုင်မှ ဖြစ်နိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။
သတင်းဌာနရဲ့ အဆိုအရ ကတော့ အမေရိကန်တွေရဲ့ ပုံမှန်တပ်တွေက အီရန်တပ်တွေကို မြေပြင်ထိုးစစ် ဝင်တိုက်မှာ ဖြစ်ပြီး ကွန်မန်ဒို အဖွဲ့ငယ်တွေကတော့ နေဗီ- ၆ အဖွဲ့ရဲ့ ငွေရောင်တပ်စု ၊ ရိန်းဂျား ဒုတိယတပ်ရင်း က အဖွဲ့ နဲ့ တပ်ရင်း ၂၁ က အဖွဲ့ တို့က ယူရေနီယံတွေကို သယ်ဖို့ လုပ်နိုင်တယ်လို့ သိရပါတယ်။ အဲ့ဒိအဖွဲ့တွေက နျူ့ စစ်ပွဲဖြစ်လာရင်ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို သီးသန့်လေ့ကျင့်ထားတဲ့ အဖွဲ့တွေပဲ ဖြစ်ပါတယ်။
သတင်းတွေအရဆိုရင် ဒီစစ်ဆင်ရေးမှာ မြေပြင်တပ်ဖွဲ့ဝင်တွေက ထောင်ထားတဲ့ ထောင်ချောက်တွေကို ရှင်းလင်းရမှာဖြစ်သလို ပြိုကျနေတဲ့ လိုဏ်ဂူအဝတွေကို ပြန်ဖွင့်ရမှာ ဖြစ်ပါတယ်။ အမေရိကန် တိုက်လေယာဉ်တွေကတော့ ယူရေနီယံတွေကို လေကြောင်းကနေ သယ်ထုတ်နိုင်ဖို့အတွက် လေကြောင်းစင်္ကြံတစ်ခုလုံးကို အပြည့်အဝ စိစစ်ထိန်းချုပ်ပေးရမှာပါ။
မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ရဲ့ ဒုတိယညွှန်ကြားရေးမှူး ဂျိုးဇက် ရော့ဂျာစ် က NYP သတင်းစာကို 'ဒါကို ပြောရတာ မကောင်းပေမဲ့ အနည်းဆုံးတော့ အီရန်မှာ အခုရှိနေတဲ့ နျူကလီးယား ပစ္စည်းတွေကို ဖယ်ရှားပစ်ဖို့ အဖြစ်နိုင်ဆုံး နည်းလမ်းဟာ စစ်ရေးစစ်ဆင်ရေးပဲလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆွေးနွေးပွဲတွေက ဘာမှ ထိထိရောက်ရောက် တိုးတက်မလာလို့ပါ' လို့ ပြောခဲ့ပါတယ်။ သူက ဒီဖြစ်နိုင်ခြေရှိတဲ့ စီးနင်းတိုက်ခိုက်မှုကို 'စစ်ရေးသမိုင်းမှာ အရှုပ်ထွေးဆုံး စစ်ဆင်ရေး' ဖြစ်လာနိုင်တယ်လို့ တင်စားခဲ့ပြီး၊ ရန်သူ့နယ်မြေ အနက်ရှိုင်းပိုင်းထဲအထိ ဝင်ရောက်လှုပ်ရှားရမှာဖြစ်သလို ထိလွယ်ရှလွယ်တဲ့ စခန်းပေါင်းများစွာကို စောင့်ရှောက်ပေးရမယ့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေရဲ့ ခက်ခဲမှုကို ထောက်ပြခဲ့ပါတယ်။
ရော့ဂျာစ် က ဆက်ပြီး 'ဒါဟာ အပြိုင်အဆိုင် ပဋိပက္ခဖြစ်နေတဲ့ ပတ်ဝန်းကျင်ထဲမှာ ထောက်ပံ့ပို့ဆောင်ရေးပိုင်း ပမာဏအလွန်ကြီးမားပြီး ခက်ခဲမယ့် စစ်ဆင်ရေးတစ်ခု ဖြစ်လာမှာပါ။ အီရန်ရဲ့ စစ်တပ်ဟာ အတော်လေး ပျက်စီးနေပြီ ဆိုပေမဲ့ ဗင်နီဇွဲလား ခေါင်းဆောင် နီကိုလပ်စ် မာဒူရိုကို စောင့်ရှောက်ပေးခဲ့ကြတဲ့ ကျူးဘားတပ်ဖွဲ့တွေထက် စာရင်တော့ ကျွမ်းကျင်ထက်မြက်နေဆဲပါပဲ' လို့ ပြောပါတယ်။
အမေရိကန်ရဲ့ အစွမ်းထက်ဆုံး ဘန်ကာဖောက်ခွဲဗုံး တွေနဲ့တောင် မဖျက်ဆီးနိုင်လောက်အောင် အီရန်ရဲ့ ယူရေနီယံ အများစုဟာ မြေအောက်အနက်ကြီးမှာ မြှုပ်နှံထားတယ်လို့ ယူဆရကြောင်း သတင်းဌာန က ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ယူရေနီယံဟာ စိုထိုင်းဆ ဒါမှမဟုတ် ရေနဲ့ ထိတွေ့မိရင် အလွန်ဆိပ်ပြင်းတဲ့ ဓာတ်ငွေ့အဖြစ် ပြောင်းလဲသွားနိုင်တာကြောင့် ၎င်းတို့ကို ပြန်လည်သိမ်းဆည်းမယ့် စီးနင်းတိုက်ခိုက်မှုဟာ ကြီးမားတဲ့ အန္တရာယ်တွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment