ဇူလိုင် - ၃ ( သောကြာနေ့ )
အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ဖြစ်လာတဲ့ ရေနံဈေးနဲ့ ငွေကြေးဂယက်ဒဏ်ကို အပြင်းအထန် ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံဟာ အခုအခါမှာတော့ စီးပွားရေး အလျင်အမြန် တိုးတက်နေတာကြောင့် အိန္ဒိယရူပီးငွေကြေးကို ကမ္ဘာသုံးဖြစ်အောင် လုပ်ဖို့က အဓိက လိုအပ်ချက်တစ်ခု ဖြစ်လာတယ်လို့ အိန္ဒိယဗဟိုဘဏ် ဥက္ကဋ္ဌ က ပြောကြားလိုက်ပါတယ်။
အိန္ဒိယအစိုးရ (နယူးဒေလီ) အနေနဲ့ ရူပီးငွေကို နိုင်ငံတကာသုံး ငွေကြေးဖြစ်လာစေဖို့ အဓိကပန်းတိုင်အဖြစ် ထပ်ဖန်တလဲလဲ အလေးထားပြောဆိုနေပြီး၊ ဒေါ်လာ-ရူပီး ငွေလဲလှယ်နှုန်း တစ်ခုတည်းအပေါ်တင် မဟုတ်ဘဲ တခြားငွေကြေးတွေနဲ့ပါ ကုန်သွယ်မှုနဲ့ ငွေပေးချေမှုတွေ ပြုလုပ်နိုင်မယ့် အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ သက်ဆိုင်ရာဌာနတွေကို တိုက်တွန်းနေတာပါ။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရုရှားဗဟိုဘဏ်ရဲ့ ဘဏ္ဍာရေးညီလာခံမှာ အိန္ဒိယဗဟိုဘဏ် (RBI) ဥက္ကဋ္ဌ ဆန်ဂျေး မလ်ဟိုတြာ က 'အိန္ဒိယဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် စီးပွားရေး အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ နိုင်ငံတစ်ခု ဖြစ်လို့ ဒါဟာ တကယ်ကို အရေးကြီးပါတယ်' လို့ ပြောကြားခဲ့ပါတယ်။
အခုလို ရူပီးငွေနဲ့ အရောင်းအဝယ်လုပ်တာတွေ ပိုများလာရင် အိန္ဒိယအစိုးရ (နယူးဒေလီ) အနေနဲ့ ငွေကြေးဂယက်ရိုက်ခတ်မှုဒဏ်ကနေ ပိုပြီး ကာကွယ်ရရှိသွားမှာ ဖြစ်သလို၊ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရတဲ့ နိုင်ငံတွေနဲ့ပါ ကုန်သွယ်မှု လမ်းကြောင်းပွင့်သွားစေလို့ ကုန်သွယ်ရေးကဏ္ဍကို ပိုပြီး ကျယ်ပြန့်လာစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အာဖရိကနိုင်ငံအချို့ အပါအဝင် တခြားနိုင်ငံတော်တော်များများကလည်း အိန္ဒိယရူပီးငွေကို အသုံးပြုပြီး ငွေပေးချေမှုစနစ်တွေ ထူထောင်ဖို့ စိတ်ဝင်စားနေကြတာကြောင့် လာမယ့်နှစ်တွေမှာ ရူပီးငွေနဲ့ ကုန်သွယ်တာဟာ ပိုပြီးတော့ အသုံးတွင်ကျယ်လာလိမ့်မယ်လို့ အိန္ဒိယအစိုးရက မျှော်လင့်ထားပါတယ်လို့ ပြောပါတယ်။
Ref - RT
#MNP #News

No comments:
Post a Comment