နေပြည်တော်၊ ဇူလိုင် ၂၆
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၁၇ ထပ် အဆောက်အအုံ ၁ လုံးကို ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူး လွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးဟူ၍ အဆောက်အအုံ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဖြိုချဖျက်ဆီးလျက်ရှိရာ ယနေ့တွင် ဖောက်ခွဲ၍ဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၂၀ လုံးအနက် နောက်ဆုံးကျန်ရှိသည့် ၁၇ ထပ် အဆောက်အအုံ ၁ လုံးကို စနစ်တကျ ထပ်မံဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် ရာနှုန်းပြည့်ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။
ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် အဆောက်အအုံ ၇၇ လုံးအား ၂၀၂၆ခုနှစ်၊ မေလ ၂၅ ရက်နေ့မှစ၍ ယာဉ်ယန္တရားများအသုံးပြု၍ လည်းကောင်း၊ ဖောက်ခွဲ၍ လည်းကောင်း ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ဖြိုချ ဖျက်ဆီးနိုင်ခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်း နိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#News #MNP







No comments:
Post a Comment