အီရန်ကို နျူ့လက်နက်တွေ မပိုင်အောင်လုပ်ဖို့ဆိုရင် အမေရိကန်တွေ သေပေးရမှာပဲ လို့ ထရမ့်ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်ကို နျူ့လက်နက်တွေ မပိုင်အောင်လုပ်ဖို့ဆိုရင် အမေရိကန်တွေ သေပေးရမှာပဲ လို့ ထရမ့်ဆို


ဇူလိုင် - ၂၀ ( တနင်္လာနေ့ ) 

အရှေ့အလယ်ပိုင်းက စစ်အခြေစိုက်စခန်းတစ်ခုမှာ မစ်ဆိုင်းဒုံးကျည်နဲ့ အတိုက်ခိုက်ခံရပြီး အမေရိကန်စစ်သည် လေးယောက် သေဆုံးခဲ့ရပြီးတဲ့နောက်၊ အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ ဒီမိုကရက်တစ်အမတ်တွေရဲ့ တောင်းဆိုချက်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပယ်ချလိုက်ပါတယ်။ ရီပတ်ဘလီကန် သမ္မတဟာ စစ်ပွဲအတွင်း သေဆုံးဒဏ်ရာရမှု ပမာဏကို လျှော့ချပြောဆိုမယ့်ပုံစံမျိုးနဲ့ ဗီယက်နမ်စစ်ပွဲနဲ့ အာဖဂန်နစ္စတန်စစ်ပွဲတုန်းက အမေရိကန်စစ်တပ်ဘက်က သေဆုံးခဲ့တဲ့ အရေအတွက်တွေက ဒီထက်အများကြီး ပိုများခဲ့တယ်လို့ ထည့်သွင်းပြောဆိုသွားခဲ့တာပါ။

စနေနေ့ ညနေပိုင်းမှာ New York Post သတင်းစာနဲ့ ဖုန်းကတစ်ဆင့် လူတွေ့မေးမြန်းခန်းတစ်ခုမှာ သမ္မတ ထရမ့်က အခုလို စစ်သည်တွေ ဆုံးရှုံးခဲ့ရတာဟာ "စိတ်မကောင်းစရာ (နှမြောဖို့ကောင်းတာ) ပဲ" လို့ ပြောခဲ့ပြီး၊ အမေရိကန်စစ်သည်တွေဟာ "အီရန်ဆီမှာ နျူကလီးယားလက်နက် ရှိလာမှာကို မလိုလားလို့၊ ပြီးတော့ အရှေ့အလယ်ပိုင်းဒေသကြီး တစ်ခုလုံး ပျက်စီးသွားမှာကို မမြင်ချင်လို့ သေဆုံးခဲ့ကြရတာ ဖြစ်တယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သမ္မတ က အခုလို ဝေဖန်ပြောဆိုလိုက်ပါတယ်... "ဗီယက်နမ်စစ်ပွဲတုန်းက လူဘယ်လောက်တောင် သေခဲ့လဲဆိုတာ ခင်ဗျားတို့ တစ်ခါလောက်ဖြစ်ဖြစ် မေးဖူးကြရဲ့လား။ အိပ်ငိုက်နေတဲ့ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် အုပ်ချုပ်ခဲ့တဲ့ အချိန်တုန်းက အာဖဂန်နစ္စတန်မှာ တစ်ရက်တည်းနဲ့ လူဘယ်နှယောက် သေခဲ့လဲဆိုတာကော ခင်ဗျားတို့ မေးဖူးကြလို့လား" ဆိုပြီး ပြောခဲ့ပါတယ်။ “လက်ရှိ အီရန်နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်းမှာရော၊ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အမေရိကန် ကွန်မန်ဒိုအဖွဲ့တွေ ဗင်နီဇွဲလားနိုင်ငံထဲ ဝင်ရောက်စီးနင်းပြီး သမ္မတ နီကိုးလပ်စ် မာဒူရိုကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးမှာပါ အမေရိကန်စစ်တပ်ဘက်က ကျဆုံးမှု အရေအတွက်ဟာ ဟိုတုန်းကထက် အများကြီး ပိုနည်းပါသေးတယ်”လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

တစ်ခါတုန်းက ဒေါ်နယ်ထရမ့်ရဲ့လှုပ်ရှားမှုကို အသည်းအသန် ထောက်ခံခဲ့ဖူးပေမဲ့၊ အခု အီရန်စစ်ပွဲကိစ္စကြောင့် ထရမ့်နဲ့ သဘောထားကွဲလွဲသွားခဲ့တဲ့ လွှတ်တော်အမတ်ဟောင်း မာဂျိုရီ တေလာ ဂရင်း က အမေရိကန် စစ်မက်ရေးရာဝန်ကြီး ပီးတ် ဟက်ဂ်ဆက်သ် ကို  "စွန့်လွှတ်အနစ်နာခံမှု ဟုတ်လား?? ရှင် ဘာတွေ လျှောက်ပြောနေတာလဲ??" လို့ ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။ "သူတို့က မိမိသဘောဆန္ဒအလျောက် အနစ်နာခံခဲ့ကြတာ မဟုတ်ဘူး" လို့ ဂရင်းက အခိုင်အမာ ပြောဆိုခဲ့ပြီး... "ရှင်တို့၊ ထရမ့်၊ ပြီးတော့ အစိုးရအဖွဲ့တို့က တစ်ပါးသူ နိုင်ငံခြားတိုင်းပြည်ဖြစ်တဲ့ အစ္စရေးအတွက် ကိုယ်စားဝင်ပြီး စစ်ပွဲဆင်နွှဲနေကြလို့သာ ဒီအမေရိကန်စစ်သည်တွေ အသတ်ခံခဲ့ရတာ" လို့ပါ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဂရင်းအပြင် နာမည်ကြီး သတင်းထောက်တစ်ဦးဖြစ်တဲ့ တပ်ကာ ကားလ်ဆန်၊ နိုင်ငံရေးဝေဖန်သူ ကန်ဒေ့စ် အိုဝင် နဲ့ ရေဒီယိုအစီအစဉ်တင်ဆက်သူ အဲလက်စ် ဂျုန်းစ်  တို့လို တခြား ထင်ရှားကျော်ကြားသူ အများအပြားလည်း အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအပေါ် သူတို့ရဲ့ ပြင်းထန်တဲ့ သဘောထားကွဲလွဲမှုတွေကို အကြောင်းပြပြီး ထရမ့်ရဲ့ အုပ်စုကနေ ခွဲထွက်သွားခဲ့ကြပါပြီ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်  အပေါ် စစ်ဆင်ရေးတွေ စတင်ကတည်းကဆိုရင်... အခု ဂျော်ဒန်နဲ့ အီရတ်မှာ ဖြစ်ပွားခဲ့တဲ့ နောက်ဆုံးဖြစ်စဉ်အပါအဝင် အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးမှုစုစုပေါင်းဟာ ၁၈ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)